Home
မြန်မာသတင်း
မင်္ဂလာတောင်ညွန့် ကြက်၊ ဘဲဈေးကို နေရာတခု သီးသန့်စီမံပေးရန် ဈေးသာယာရေး တောင်းဆို
ဆုဆုသွယ်
·
January 26, 2020
ရန်ကုန်မြို့က ကြက်၊ ဘဲဈေးမှာ  အသားထုတ်လုပ်နေတဲ့နေရာဟာ အင်မတန်ဆိုးရွားပြီး စားသုံးရန်မသင့်တဲ့ အနေအထား ဖြစ်နေတာကြောင့် နေရာတခု သီးသန့်စီမံပေးဖို့ ဈေးသာယာရေးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။  ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာရှိတဲ့ ကြက်၊ ဘဲဈေးမှာ အသားထုတ်လုပ်တဲ့ လုပ်ငန်းကို အရင်ကပြုလုပ်တဲ့ မိရိုးဖလာအတိုင်း လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ လက်ရှိ ကြက်၊ ဘဲဈေးမှာရှိတဲ့ အသားသတ်တဲ့ နေရာတွေဟာ ဆိုးရွားနေပြီး စားသုံးရန် မသင့်တဲ့ အနေအထားတွေ ကြုံတွေ့နေရာတဲ့အပေါ် နေရာတခု သီးသန့်စီမံပေးဖို့ ဈေးသာယာရေးအဖွဲ့ကနေ အရင်အစိုးရအပါအဝင် လက်ရှိအစိုးရလက်ထက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို တင်ပြထားပေမယ့် အခုချိန်ထိ စီစဉ်ဆောင်ရွက်ပေးတာ မရှိသေးဘူးလို့ ကြက်၊ ဘဲ ဈေးသာယာရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်လွင်က ပြောပါတယ်။ ကြက်၊ ဘဲဈေးကို တည်ဆောက်ချိန်မှာ အသားထုတ်လုပ်တဲ့နေရာ မပါဝင်ခဲ့ပေမယ့် နောက်ပိုင်းမှာ လိုအပ်ချက်အရ အဆင်ပြေသလို ကြက်၊ ဘဲတွေကို သတ်ပြီး အသားထုတ်လုပ်တာတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။  ကြက်၊ ဘဲ ဈေးတွေမှာ အရှင်တွေ ရောင်းတဲ့ လက်ကားဒိုင်တွေ ရှိသလို တချို့ကတော့ အသားထုတ်လုပ်တဲ့ လုပ်ငန်းကိုပါ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ မွေးမြူသူတွေ စုပေါင်းပြီး နိုင်ငံတကာအဆင့်မီ သားသတ်ရုံ ၈ ရုံ တည်ထောင်ထားပြီး သားသတ်ရုံတွေ များပြားလာဖို့ ကူညီဆောင်ရွက်ပေးနေတယ်လို့ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် အကြံပေး ဒေါက်တာသက်ခိုင်က ပြောပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိမွေးကုဌာနနဲ့ FAO ကနေ ကြက်၊ ဘဲဈေးကို လာရောက်ပြီး တလ နှစ်ကြိမ် ကြက်တွေကို သွေးဖောက်ပြီး ရောဂါရှာဖွေရေးတွေ လုပ်ဆောင်ပေးနေပါတယ်။ ရန်ကုန်တိုင်းမှာတော့ အစိုးရ ဖွင့်လှစ်ထားတဲ့ ကြက်၊ ဘဲ အရှင်ရောင်းတဲ့ဈေး ၃ ဈေးရှိပြီး အဲဒီဈေးတွေကတော့ မင်္ဂလာတောင်ညွန့် ကြက် ဘဲဈေး၊ ကြည့်မြင်တိုင် ကြက် ဘဲဈေးနဲ့ လှိုင်သာယာ ကြက် ဘဲဈေးတို့ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024