DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်တပ်မတော်တောင်ပိုင်းနှင့် အစိုးရတပ် ပစ်ခတ်မှုဖြစ်
DVB
·
February 26, 2013
ရှမ်းပြည်တပ်မတော်တောင်ပိုင်းနှင့် အစိုးရတပ် ပစ်ခတ်မှုဖြစ်
Donate to DVB

[caption id="attachment_35617" align="alignright" width="300" caption="အက်စ်အက်စ်အေ တပ်ဖွဲ့ဝင်အချို့"][/caption]

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့နဲ့ ပစ်ခတ်မှုငြိမ်နေတဲ့ ရက်ပိုင်းအတွင်း အစိုးရတပ်နဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်တွေကြား ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ရှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် ခိုလမ်မြို့နယ်ခွဲ  ခိုအွတ် ရွာအနီးက တောအုပ်ထဲမှာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ တပ်ဖွဲ့တွေနဲ့ ဖေဖော်ဝါရီ ၂၄  ရက် မနက် ၁၀ နာရီခွဲလောက်က ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။

“ကျနော်တို့ လှုပ်ရှားနေတဲ့နေရာ ဖြစ်ပါတယ်။ အစိုးရတပ်တွေက ကျနော်တို့ တောထဲ တပ်တွေ စစ်ချီမယ်ဆိုရင် သက်ဆိုင်ရာဆက်ဆံရေးရုံးကနေ အသိပေးဖို့ လိုတယ်။ ဒါမှသာ ရှောင်ရှားပေးနိုင်မယ်။ အချင်းချင်း တောထဲမှာတွေ့ပြီး တိုက်ပွဲတွေမဖြစ်အောင် ဆိုပြီး အဲလို သဘောတူညီချက်တွေကို အစိုးရတပ်က မလိုက်နာလို့ တောထဲမှာရှိတဲ့ ကျနော်တို့တပ်နဲ့ ပက်ပင်းတိုးမိပြီး ပစ်ခတ်ကြတာ။ သိပ်မကြာပါဘူ မိနစ်ပိုင်းလောက်ပဲ။ အစိုးရတပ်မှန်းသိတော့ ခွာပေးလိုက်တယ်။ ဒဏ်ရာရသူတွေလည်း ရှိပါတယ်။”

နှစ်ဘက် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားတာ ၁ နှစ်ကျော်ခဲ့ပေမယ့် အစိုးရတပ်ဘက်က သဘောတူချက်အတိုင်း မလိုက်နာလို့ တိုက်ပွဲတွေ အကြိမ်ပေါင်း ၅၀ ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် ယုံကြည်မှု ပျက်ပြားစေတဲ့အတွက် နောက်နောင် အစိုးရတပ်တွေ နယ်မြေထဲဝင်လာမယ်ဆိုရင် ကြိုတင်အကြောင်းကြားဖို့ သမ္မတ၊ အစိုးရအဖွဲ့နဲ့ တပ်မတော်အရာရှိတွေဆီ ဒီမနက်ပဲ စာပို့ထားတယ်လို့ သူက ပြောပါတယ်။

“ဒီလိုဆက်ဖြစ်နေမယ်ဆိုရင် ကျနော်တို့အချင်းချင်းကြား ယုံကြည်မှုတည်ဆောက်နေတာကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ကျနော်တို့ရှိနေတဲ့ ကျေးလက်ဒေသမှာ အစိုးရတပ်တွေက စစ်ချီတက်လာမယ်ဆိုရင် တာဝန်ခံဆက်ဆံရေးရုံးကို အသိပေးဖို့၊ ဒါမှမလိုအပ်တဲ့ တိုက်ပွဲတွေမဖြစ်မှာလို့ ဥက္ကဋ္ဌကြီးက အကြောင်းကြားရေးထားပါတယ်။”

ဒီတိုက်ပွဲသတင်းကို မြန်မာအစိုးရဘက်က တစုံတရာ ထုတ်ဖော်ပြောဆိုခြင်းမရှိသလို တိုက်ပွဲသတင်းတွေကို အတည်ပြုဖို့ လက်ခံဖြေကြားမယ့်သူလည်း အစိုးရဘက်က ထုတ်ပြန်ထားတာ မရှိပါဘူး။

ထာဝရငြိမ်းချမ်းရေး လိုချင်တယ်ဆိုရင် အထက်လူကြီးတွေ အချင်းချင်းကြား ယုံကြည်မှု တည်ဆောက်ရုံနဲ့ မလုံလောက်ဘဲ အောက်ခြေတပ်သား အချင်းချင်းကြား ယုံကြည်မှု တည်ဆောက်ဖို့လည်း လိုအပ်တယ်လို့ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က  ပြောပါတယ်။

အခုရက်ပိုင်းအတွင်းမှာ အစိုးရတပ်တွေနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တို့နဲ့လည်း တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013