ကျပ်သိန်းပေါင်း ၈ သောင်းကျော် တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးများ ဖမ်းမိ
DVB
·
January 26, 2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေးရွာအုပ်စု ဝမ်ကျန်ရွာအနီးမှာ ပူးပေါင်းအဖွဲ့က ကျပ်သိန်းပေါင်း ၈ သောင်းကျော်တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးတွေ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
မူးယစ်ဆေးသတင်းအရ ဇန်နဝါရီ ၂၄ ရက် ည ၁၁ နာရီခွဲလောက်က မူးယစ်တပ်ဖွဲ့စု ၂၈ မှ တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းအဖွဲ့က ဝမ်ကျန်ရွာအနီး စောင့်ဆိုင်းနေစဉ် VIGO အဖြူရောင်ယာဉ်အား ရပ်တန့်စစ်ဆေးရာမှ လက်ဖက်ခြောက် ၃၆ ထုပ်ထဲ ထည့်ထားတဲ့ အိုက်စ်မူးယစ်ဆေး ၃၃၆ ကီလိုဂရမ်၊ ကျည် ၂၅ တောင့်ပါ M22 သေနတ် ၁ လက်တို့ကို ဖမ်းဆီးရမိခဲ့တာလို့ မူးယစ်တပ်ဖွဲ့က သိရပါတယ်။
ဖမ်းဆီးရမိခဲ့သူနှစ်ဦးကို ကျိုင်းတုံမြို့မရဲစခန်း မူးစိတ်ပုဒ်မ ၁၉ (က)၊ ၂၂ (ခ)၊ ၂၁ အရ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
အောင်ဇေယျ