ငပုတောမြို့နယ်တွင် တောဆင်ရိုင်း ၁ ကောင် အသတ်ခံရ
DVB
·
January 25, 2020
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ပုသိမ်-မော်တင်ကားလမ်း မိုင်တိုင်အမှတ် (၄၁/၄) အနီးက ဆင်မသစ်တောကြိုးဝိုင်းအတွင်းမှာ တောဆင်ရိုင်းအမ ၁ ကောင် အရေခွံခွာလျက်သေဆုံး နေတယ်လို့ အမှတ် ၂ ဆင်အခြေစိုက်စခန်းရဲတပ်ဖွဲ့က သိရပါတယ်။
အဲဒီဆင်ကို အမှတ် ၂ ဆင်အခြေစိုက်စခန်းက ရဲတပ်ဖွဲ့ဝင်တွေ၊ ငပုတောမြို့နယ်သစ်တောဦး စီးဌာနက တာဝန်ရှိသူတွေနဲ့ ငရုတ်ကောင်းတောင်အုပ်ချုပ်ရေးမှူးတို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တို့ နယ်မြေရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်နေစဉ် တွေ့ရှိခဲ့တာပါ။
“ဒေသခံတွေက သတင်းပို့တာ၊ ဆင်တွေ ပြေးလွှာနေသံကြားနေရတယ်ဆိုပြီးတော့ ၂၃ ရက်ညပိုင်းက ကျနော်တို့ဆီ ဆက်သွယ်လာတာ။ ၂၄ ရက်နေ့ မနက်ပိုင်းကစပြီး သတင်းကြားတဲ့ နေရာသစ်တောတဝိုက်ကို နယ်မြေရှင်းလင်းရေးလုပ်ပြီး ရှာတာပေါ့၊ တွေ့တဲ့အချိန်မှာ ဆင်က အရေခွံတွေခွာထားပြီးပြီ။ ဆင်သတ်တဲ့သူ ၂ ယောက်ကတော့ လွတ်သွားတာပေါ့၊ ခုတော့ ဖမ်းမိ အောင် ပိတ်ဆို့တာတွေ လုပ်ပြီး ရှာဖွေရေး လုပ်နေပါတယ်” လို့ ပူးပေါင်းပါဝင်ခဲ့သူ တင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်းက ပြောပါတယ်။
ပူးပေါင်းအဖွဲ့တွေ ဆင်အသတ်ခံရတဲ့နေရာကို ရောက်ရှိချိန်မှာတော့ သတ်ထားတဲ့ ဆင်အပြင် ခွာထားတဲ့ အရေခွံတွေ၊ ဖြတ်ထားတဲ့ နှာမောင်းနဲ့အမှီးတွေကို တွေ့ရပြီး ဆင်သတ်မုဆိုး ၂ ယောက်ကတော့ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရပါတယ်။
လက်တလောမှာတော့ ထွက်ပြေးနေတဲ့ ဆင်မုဆိုးတွေကို ဖမ်းမိဖို့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံနယ်မြေကျွမ်းကျင်သူတွေ ပူးပေါင်းပြီး ဆင်မသစ်တောကြိုးဝိုင်းနဲ့ မဲဇလီသစ်တော ကြိုးဝိုင်းထဲက ဝင်၊ ထွက်ပေါက်တွေကို ပိတ်ဆို့စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသတ်ခံခဲ့ရတဲ့ တောဆင်ရိုင်းအမဟာ အသက် ၂၈ နှစ်အရွယ်ခန့်ရှိပြီး အရပ် ၇ ပေ ၆ လက်မခန့်ရှိပါတယ်။
ဧရာဝတီတိုင်းမှာ ၂၀၁၉ခုနှစ်အတွင်း တောဆင်ရိုင်း ၄ ယောက်အသတ်ခံခဲ့ရပြီး တောဆင်ရိုင်း ၂ ကောင်မှာ ကျန်းမာရေးမကောင်းတာကြောင့် သေဆုံးခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးရဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)