ဂျပန် မြေအောက်စစ်ဆေးရုံ တူးဖော်မှု ငွေနှင့်လူအင်အား အကူအညီ လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့မှာ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့ အသုံးပြုခဲ့တဲ့ ဂျပန် မြေအောက်စစ်ဆေးရုံကို ဒေသခံတွေ ကိုယ်ထူကိုယ်ထ တူးဖော်နေရပြီး ငွေနဲ့ လူအင်အားအကူအညီ လိုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နန့်ခင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က “ခရီးသွားတွေ ဒီတောင်ကုန်းကို လာတာ တနေ့ကို ၃၀၀ နဲ့ ၄၀၀ အထက်မှာရှိတယ်။  ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ပခုက္ကူ၊ ပုသိမ်ကတွေရော ကျောင်းသူကျောင်းသားတွေ ခရီးသွားတွေရော အားလုံး လာကြတယ်။ ပြခန်းလည်း ပြရတယ်၊ လိုဏ်ဂူကြီးတွေလည်း လိုက်ပြနေရတယ်။ အခု နံပါတ် ၄ လိုဏ်ဂူက ဟိုဘက်ကို ပေပေါင်း ၁၈၀ ကျော်တူးပြီးတော့ ဟိုဘက်ကို ပွင့်သွားပါပြီ။ အမှတ် ၅ လိုဏ် ပြန်တူးတဲ့အခါမှာလည်း ဆေးရုံသုံး ဆေးပုလင်းတွေ ရတယ်၊ ကျည်ဆန်တွေ ရတယ်၊ ဗုံးတွေ ကျည်တွေ အားလုံးရပါတယ်။ အင်းတော်က ပြည်သူတွေကိုလည်း စိတ်ပါဝင်စားမှု ရှိစေချင်တယ်၊ အားပေးစေချင်တယ်၊ ကူညီစေချင်တယ်၊ ဝိုင်းဝန်းစေချင်တယ်။ ကိုယ်မြို့ ကိုယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားတွေ ပွင့်လင်းလာအောင်လို့ လုပ်နေတယ်၊ အဓိက လိုအပ်နေတာ ငွေ လူအင်အား ဒါပဲ လိုအပ်တယ်။ အခု လူ သုံး လေး ငါးယောက်နဲ့ တူးနေရတယ်၊ ခြေလှမ်းနှေးနေတယ်၊ မြန်မြန်လျှောက်နိုင်အောင် ငွေအင်အား၊ လူအင်အား လိုအပ်ပါတယ်” လို့ပြောပါတယ်။ ကြာအင်းကျေးရွာ တာဝန်ခံ ကိုဝင်းကိုက “အခု ဟိုဘက် ဒီဘက် ပွင့်သွားတာက နံပါတ် ၃ နံပါတ် ၄ ပေါ့၊ လူအင်အားနဲ့တူးတာ တပေါက်ကို နှစ်လလောက် ကြာတယ်။ လောလောဆယ် ပွင့်နေတာက နံပါတ် ၃၊ နံပါတ် ၄ ကင်းပေါက်လို့ ခေါ်တဲ့ နံပါတ် ၅ ပွင့်နေပါတယ်။ နံပါတ် ၆ လို့ အမည်ပေးထားတဲ့ နှာပေါက် နှစ်ပေါက်တွဲပေါ့၊ ဒါက ရှည်လျားတယ်လို့ ယူဆရတယ်။ ဒါကို တူးမယ်ဆို ၃ လလောက် သွားမယ်။ လုပ်အားဒါနပြုတဲ့ လူငယ်တွေနဲ့ပဲ သွားနေရတော့ နည်းနည်းတော့ ကြာမယ်၊ နည်းနည်းဝိုင်းဝန်းပေးကြဖို့ လိုမယ်၊ ဆေးရုံရဲ့ တစိတ်တဒေသကို ဒီနေရာကနေ သွားလို့ရမယ် ခန့်မှန်းထားတယ်”လို့ ပြောပါတယ်။ အင်းတော်မြို့ ဂျပန်မြေအောက်စစ်ဆေးရုံရှိ အခုလက်ရှိ နံပါတ် ၆ လိုက်ဂူပေါက်ကို တူးဖော်နေပြီး လိုဏ်ဂူပေါက် ၈ ပေါက်လောက် တူးဖော်ဖို့ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့ အသုံးပြုခဲ့တဲ့ မြေအောက်စစ်ဆေးရုံတူးဖော်ရာမှာ ဆေးပုလင်းတွေ၊ ဆေးထိုးပိုက်တွေ၊ ခွဲစိတ်ခန်းသုံးဓားတွေ၊ ဆေးဘူးတွေ၊ ဓာတ်ခွဲခန်းသုံးပစ္စည်းတွေ၊ သံဦးထုပ်၊ သေနတ်တွေ စတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ ကြယ်သီး၊ သွားတိုက်တံ၊ ခါးပတ်ခေါင်း စတဲ့ပစ္စည်းများကို ပြခန်းယာယီဖွင့်ကာ ပြသပေးနေတယ်လို့ သိရပါတယ်။ ကိုကိုလင်း(အင်းတော်)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up