တပ်မတော်က တရားစွဲထားသည့် စာရေးဆရာမာန် (တောင်လုံးပြန်) ကို ဒဏ်ငွေ ၃ သောင်းချမှတ်
DVB
·
January 23, 2020
တပ်မတော်က တရားစွဲဆိုထားတဲ့ စာရေးဆရာ မာန် (တောင်လုံးပြန်) ကို ဇန်နဝါရီလ ၂၃ ရက်နေ့မှာ မြိတ်မြို့နယ် တရားရုံးက ဒဏ်ငွေ ၃ သောင်း အမိန့်ချမှတ်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ် မေလ ၉ ရက်နေ့က တနင်္သာရီတိုင်း မြိတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲမှာ စာရေးဆရာ မာန် တောင်လုံးပြန်ရဲ့ ဟောပြောချက် တွေဟာ တပ်မတော်ကို ဂုဏ်သိက္ခာ ထိပါးစေတယ်လို့ယူဆပြီး ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်က မြိတ်မြို့နယ် တရားရုံးမှာ ဇွန်လ ၄ ရက်နေ့က ဦးတိုက်လျောက်ထား တရားစွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။
“စစ်အစိုးရက တိုင်းပြည်ကို အနှစ် ၂၀ အုပ်ချုပ်ပြီးတော့မှ တိုင်းပြည်က ရစရာ မရှိတော့တာကို တပ်မတော်အရာရှိတွေက ထားစရာမရှိအောင် ချမ်းသာသွားကြတယ်။ တပ် မတော်မှာ ဒီမိုကရေစီ မရှိဘူး။ ဒီမိုကရေစီမရှိတဲ့သူတွေက ဒီမိုကရေစီရှိတဲ့သူတွေကိုဦး ဆောင်နေတယ်”လို့ စာရေးဆရာ မာန်က အဆိုပါဟောပြောပွဲမှာ ဟောပြောခဲ့တာပါ။
အဲဒါကြောင့် စာရေးဆရာ မာန် (တောင်လုံးပြန်) ကို အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုခဲ့ပြီးနောက် ၁၁ ကြိမ်မြောက်ရုံးချိန်းအပြီးမှာ မြိတ်မြို့နယ် တရားရုံးက အခုလို အမိန့်ချမှတ်ခဲ့တာပါ။
စာရေးဆရာ မာန်ရဲ့ ဟောပြောချက်တွေဟာ တပ်မတော်ကို ဂုဏ်သိက္ခာ ထိပါးစေတယ်လို့ယူဆပြီး ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် က မြိတ်မြို့နယ် တရားရုံးမှာ ၂၀၁၉ ဇွန်လ ၄ ရက်နေ့က ဦးတိုက်လျောက်ထား တရားစွဲဆိုခဲ့တာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက ကော့သောင်းမြို့မှာ ပြုလုပ်တဲ့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ထောက်ခံပွဲမှာ ပါဝင်ဟောပြောခဲ့တဲ့ ဦးနေမျိုးဇင်၊ ကဗျာဆရာ စောဝေနဲ့ ရှေ့နေဦးကြီးမြင့်တို့ကိုလည်း တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခံထားရပြီး အမှု ရင်ဆိုင်နေရပါတယ်။