မကွေးတိုင်းတွင် သစ်တောမီးသတ် ဖွဲ့စည်း
DVB
·
January 23, 2020
မကွေးတိုင်းအတွင်းရှိ သစ်တောတွေ၊ သဘာဝတောတွေ၊ သစ်တောစိုက်ခင်းတွေကို မီးလောင်မှု အန္တရာယ်မဖြစ်စေရေးအတွက် ပထမဆုံး မီးသတ်စခန်းကို ဖွဲ့စည်းလိုက်တယ်လို့ မကွေးတိုင်း သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးတင့်က ပြောပါတယ်။
“မကွေးတိုင်း ရွှေစက်တော်ဘေးမဲ့တောရုံးမှာ ယာယီအားဖြင့် သစ်တောမီးကာကွယ်ရေးစခန်း ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။ အဲဒီလိုဖွင့်လှစ်ခြင်းဖြင့် အနီးဆုံးရွှေစက်တော် ဘေးမဲ့တောမှာရှိတဲ့ သဘာဝတွေ၊ ဂေဟစနစ်တွေ၊ တောရိုင်းတိရစ္ဆာန်တွေကို မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု နည်းသည်ထက် နည်းအောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မင်ဘူး၊ စကု၊ ငဖဲ မြို့တွေနဲ့ ဆက်စပ် ဧရိယာ ပုသိမ်-မုံရွာ ကားလမ်းတလျှောက် သဘာဝတောတွေ စိုက်ခင်းတွေကိုလည်း ကာကွယ်နိုင်မှာဖြစ်တယ်။”
မီးဘေး ကာကွယ်ရေးဖွင့်လှစ်ရုံမဟုတ်ဘဲ အရေးပေါ် မီးဘေးအန္တရာယ် ကျရောက်လာမယ် ဆိုရင် မီးငြှိမ်းသတ်နိုင်ဖို့ ဝန်ထမ်းတွေကိုလည်း သစ်တောဦးစီးဌာနရုံးချုပ်ကို ခေါ်ပြီး သင်တန်းပေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
မင်းဘူး၊ ငဖဲ မြို့နယ်မှာရှိတဲ့ သစ်တောဝန်ထမ်း ၆ ဦး သင်တန်းတက်ထားပြီး မီးဘေး ကျရောက်ရင်လည်း မီးသတ်ဦးစီးဌာန အကူအညီနဲ့ ပူးပေါင်းပြီး မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ကိုလင်း(ချောက်)