ဗိဿနိုးမြို့ဟောင်း စိမ်းလန်းစိုပြေရေး အပင် ၈၀၀၀ စိုက်ပျိုးမည်
DVB
·
January 23, 2020
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ရှေးဟောင်း ယာဉ်ကျေးမှု အမွေအနှစ်ဖြစ်တဲ့ ဗိဿနိုး မြို့ဟောင်းဒေသ စိမ်းလန်းစိုပြေရေးအတွက် ငွေကျပ် ၆၃၃ သိန်းကျော်အသုံးပြုပြီး အပင် ၈၀၀၀ စိုက်ပျိုးသွားမယ်လို့ ဆိုပါတယ်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ အပင် ၁၃၃၀၀၊ ၂၀၁၈-၂၀၁၉ မှာ အပင်ကွက်လပ်ဖြည့် စိုက်ပျိုးတာ အပင်၉၀၀၀ စိုက်ပျိုးနိုင်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးအတွက် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့က ခရိုင် ၁၃ ခု၊ မြို့နယ်ပေါင်း ၅၃ မြို့နယ်မှာ အဓိကအကောင်ထည်ဖော်နေပြီး ရှေးဟောင်းယာဥ်ကျေးမှု နယ်မြေ ဗိဿနိုးမြို့မှာတော့ ၂၀၁၄၊၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၁၉၊၂၀၂၀ အထိ ၆ နှစ်စီမံကိန်းနဲ့ စိမ်းလန်းစိုပြေရေး လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အပူပိုင်ဒေသစိမ်းလန်းစိုပြေရေးအတွက် ဒေသနဲ့ကိုက်ညီတဲ့ တမာ၊ ပဲချယ်ရီ၊ ဒဟတ်၊ ထနောင်း၊ ပန်းမယ်ဇလီ၊ ရှား၊ ဖျောက်ဆိပ် စတဲ့အပင်တွေက် ရွေးချယ်စိုက်ပျိုးထားတယ်လို့ သိရပါတယ်။
ကိုလင်း(ချောက်)