ဘိန်းစာရွက်ရည်ရောင်းချသည့် ထိုင်းနှင့်မြန်မာ ၂ ဦး ဖမ်းဆီးခံရ
နန်းမြနဒီ
·
January 23, 2020
ထိုင်းနိုင်ငံအလယ်ပိုင်း၊ ဆမွတ်ဆာခွန်းမြို့ထဲမှာ ဘိန်းစာရွက်ရည် ထုတ်လုပ်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ အနီးနားဒေသခံတွေကို ရောင်းချပေးနေတဲ့ ထိုင်းအမျိုးသမီး ၁ ဦးနဲ့ မြန်မာနိုင်ငံသား ၁ ဦးတို့ကို ထိုင်းအာဏာပိုင်တွေက ပြီးခဲ့တဲ့ရက်ပိုင်းက ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
ဆမွတ်ဆာခွန်းမြို့၊ ထာ့ကျင်းရပ်ကွက်ရှိ ဘန့်အေ့အားထွန်း(တန်ဖိုးနည်းအိမ်ရာ) ထဲမှာ ဘိန်းစာရွက်ရည် ထုတ်လုပ်ရောင်းချနေကြောင်း ကြိုတင်သတင်းပေးချက်ရတဲ့အတွက် ဆမွတ်ဆာခွန်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးနဲ့ နယ်မြေခံရဲတပ်ဖွဲ့တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်က အဆိုပါအိမ်ရာ တိုက်အမှတ် ၁၂ ပထမထပ်ရှိ အခန်းအမှတ် ၁၁၄/၅ ကို သွားရောက်စစ်ဆေးခဲ့ပါတယ်။
တာဝန်ရှိသူတွေ ရောက်သွားချိန်မှာ အခန်းတံခါးပိတ်ထားပြီးအထဲကို ဝင်ရောက်စစ်ဆေးရာ မှာတော့ အမျိုးသမီး ၁ ဦး၊ အမျိုးသား ၁ ဦးတို့ကို ဘိန်းစာရွက်ပြုတ်အိုး၊ ဂက်စ်မီးဖို၊ တစ်ပုလင်းကို အလေးချိန် ၁ ဒသမ ၂၅ လီတာဆန့် ဘိန်းစာရွက်ရည် ၁၂ ပုလင်း၊ အချိုရည် ၄ ပုလင်း၊ အလေးချိန် ၃ ကီလိုဂရမ်ရှိ ဘိန်းစာရွက်တွေကို သက်သေအဖြစ် ဖမ်းဆီးရမိတယ်လို့ ဆမွတ်ဆာခွန်း ကာကွယ်ရေးဌာနမှူး နိုင်းကရစ်ဘန်မတ်ချ်ချာက သတင်းထောက်တွေကို ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အဆိုပါအခန်းတွင်နေထိုင်တဲ့ ထိုင်းအမျိုးသမီး မယုလာ ထနတ်မဒီကွန်း (၃၈ နှစ်)နဲ့ မြန်မာအမျိုးသား နိုင်စံချိုင် (၃၂ နှစ်) တို့က ဘိန်းစာရွက်ပြုတ်ရည်တွေကို အလုပ်သမားတွေကို ရောင်းချဖို့ ထုတ်လုပ်ခဲ့ကြောင်း ဝန်ခံသွားပါတယ်။
သူတို့ နှစ်ဦးကို မူးယစ်ဆေးဝါးမှုနဲ့ အရေးယူဖို့ ဆမွတ်ဆာခွန်းရဲဌာနမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆမွတ်ဆာခွန်းဒေသတွင်း သတင်းမှာ ဖော်ပြပါတယ်။