DVB Logo
Home
မြန်မာသတင်း
ကချင် ဒေါ့ဖုန်းယမ်ရောက် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ရှေ့ဆက်မရ ဖြစ်နေ
DVB
·
February 23, 2013
Donate to DVB

အစိုးရက နိုင်ငံတကာအဖွဲ့အစည်းတွေကို အကူအညီပေးဖို့ ခွင့်ပြုခဲ့ပေမယ့် ကချင်ပြည်နယ် ဒေါ့ဖုန်းယမ်မြို့နယ် မိုးလွဲတံတားမှာ အစိုးရက ထောင်ထားတဲ့မိုင်းတွေကြောင့် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ရှေ့ဆက်မတိုးဘဲ လှည့်ပြန်ရတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာကြက်ခြေနီအဖွဲ့က အဖွဲ့ဝင် ၉ ဦးလောက် ပါလာတဲ့ ကားဟာ ဒေါ့ဖုန်းယမ် မြို့နယ် မိုးလွဲတံတားမှာ အစိုးရက ထောင်ထားတဲ့ မိုင်းတွေကြောင့် ရှေ့ဆက်သွားလို့ မရဘဲ လှည့်ပြန်ခဲ့ရတယ်လို့ ကျောင်းသားတပ်မတော် မြောက်ပိုင်းက ဦးမင်းဌေးက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့က အခုလို ဖြစ်ခဲ့တာဖြစ်ပြီး ဒီခရီးစဉ်မှာ နိုင်ငံခြားသားတချို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

“ဒုက္ခသည်တွေကို ကူညီဖို့ ကား ၂ စင်းနဲ့ ဒေါ့ဖုန်းယမ်ဘက်ကလာတယ်။ သူတို့အဖွဲ့ ၉ ယောက်ထင်တယ်။ အစက ကျနော်တို့ထိုင်ထားတဲ့ လဂျားယန်ဒေသကို အခု စစ်တပ်ကထိုင်ထားတယ်လေ။ ဗန်းမော်သွားတဲ့ကားလမ်းတံတားကနေ ဒီဘက်ကို မကူးခိုင်းတာ။ တံတားတောက်လျှောက်က မိုင်းတွေထောင်ထားပြီး လက်ပစ်ဗုံးတွေနဲ့. မကျော်ခိုင်းဘူးတဲ့။ လှည့်ပြန်သွားကြတယ်၊ ဒေါ့ဖုန်းယမ်ဘက် သွားစောင့်နေကြတယ်။”

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ရန်ကုန် နိုင်ငံတကာကြက်ခြေနီရုံးကို ဆက်သွယ်ပြီး အတည်ပြုချက်ရယူဖို့ ကြိုးစားခဲ့ပေမယ့်  ရုံးပိတ်ရက် ဖြစ်နေတဲ့အတွက် ဆက်သွယ်လို့ မရ ဖြစ်ခဲ့ပါတယ်။

အရင်ရက်ပိုင်းကလည်း လိုင်ဇာကို သွားရောက်တဲ့ ဦးနေမျိုးဇင်နဲ့အဖွဲ့ အပြန်ခရီးမှာ စစ်တပ်က ဟန့်တားမှုတချို့လုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

အစိုးရနဲ့ ကေအိုင်အိုအကြား အပစ်အခတ် ရပ်စဲခဲ့တာ ၁၇ နှစ်ကြာခဲ့ပြီးနောက် ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လကစပြီး တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာကြောင့် သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ တရုတ်-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ တိမ်းရှောင်နေရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013