တပ်မတော်က ဒရုန်းများစေလွှတ်ထောက်လှမ်းမှု ကေအန်ယူကန့်ကွက်
နော်နိုရင်း
·
January 22, 2020
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ၊ တပ်ရင်းဌာနချုပ်စခန်းတွေမှာ မြန်မာတပ်မတော်ဘက်က ဒရုန်းတွေ စေလွှတ်ပြီး စုံစမ်းထောက်လှမ်းတဲ့အပေါ် ကေအန်ယူ တပ်မဟာ ၅ ဌာနချုပ်က ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီဆီကို ဇန်နဝါရီလ ၂၁ ရက်နေ့ ရက်စွဲနဲ့ ကန့်ကွက်လွှာပေးပို့ထားပါတယ်။
ကေအန်ယူ တပ်မဟာ၊ တပ်ရင်းဌာနချုပ် တပ်စခန်းတွေကို မြန်မာအစိုးရစစ်တပ်က ၂၀၁၈ ခုကစပြီး တပ်ပတ်တကြိမ်၊ နှစ်ကြိမ် ဒရုန်းတွေနဲ့ လာရောက်ထောက်လှမ်းနေကြောင်း ဖော်ပြပါတယ်။
အဆိုပါလုပ်ရပ်ဟာ အများပြည်သူနေထိုင်မှု ဘဝလုံခြုံရေးကို အန္တရာယ်ပြုတာ၊ အဖွဲ့အစည်း တွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်ရုံသာမက နှစ်ဖက်အပြန်အလှန်ယုံကြည်မှုကို ပျက်ပြားစေကြောင်း ကန့်ကွန်လွှာမှာ ဖော်ပြပါတယ်။
ဒီလိုလုပ်ရပ်ဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အန်စီအေ) ကို ချိုးဖောက်နေတဲ့အတွက် အပြင်းအထန်ကန့်ကွက်ကြောင်းလည်း ဖော်ပြပါတယ်။
ကေအန်ယူရဲ့ ကန့်ကွက်လွှာနဲ့ပတ်သက်ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) ပြောခွင့်ရသူ ဗိုလ်မှူးကြီးမောင်မောင်လတ်ကို မေးမြန်းရာမှာတော့ ဒီကန့်ကွက်လွှာကို မသိရသေးကြောင်းနဲ့ ဖြစ်စဉ်အပေါ် စုံစမ်းနေတယ်လို့ ဒီဗွီဘီကိုပြောပါတယ်။