မြန်မာအပါအဝင် နိုင်ငံ ၇ နိုင်ငံကို အမေရိကန်က ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်မည်ဟုဆို
DVB
·
January 22, 2020
မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၇ နိုင်ငံကို အမေရိကန်နိုင်ငံက ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ထိန်းချုပ်မှုတွေ လုပ်ဆောင်သွားမယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရရဲ့ နိုင်ငံတွင်း ပြည်ဝင်ခွင့်ဗီဇာ ထိန်းချုပ် ကန့်သတ်သွားမယ့် နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံနဲ့အတူ ဘီလာရုစ်၊ အီရီထရီးယား၊ ကာဂျစ္စတန်၊ နိုင်ဂျီးရီးယားနဲ့ ဆူဒန်နိုင်ငံတွေ ပါဝင်နေတယ်လို့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သည်ဝေါလ်စထရိတ်ဂျာနယ်သတင်းမှာ ဖော် ပြပါတယ်။
ခုလိုထိန်းချုပ်ကန့်သတ်လိုက်တဲ့ စည်းမျဉ်းအသစ်မှာတော့ အမေရိကန်နိုင်ငံတွင်း ခရီးသွားချိန်မှာ တချို့ဗီဇာအမျိုးအစားတွေဖြစ်တဲ့ စီးပွားရေးနဲ့ လာရောက်လည်ပတ်တဲ့ အထူးဗီဇာအမျိုးအစားတွေကို ကန့်သတ်ထိန်းချုပ်မှုတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး တချို့နိုင်ငံတွေကိုတော့ အမေရိကန်နိုင်ငံကို လာရောက်နေထိုင်လိုသူတွေအတွက် DV Lottery လို့ခေါ်တဲ့ ဒီဗွီကံစမ်းမဲမှာ ပါဝင်ခွင့်တွေကို ပိတ်ပင်သွားမယ်လို့ ဆိုပါတယ်။
ထရမ့်က အမေရိကန် ပြည်ဝင်ခွင့် ကန်သတ်ထားတဲ့ နိုင်ငံတွေထဲမှာ နောက်ထပ်နိုင်ငံတွေ ထပ်တိုးဖို့ စဉ်းစားသုံးသပ်နေတယ်လို့ အဆိုပါသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းမှုမှာ ပြောဆိုထားခဲ့ပေမယ့် ဘယ်နိုင်ငံတွေပါဝင်တယ် ဆိုတာကိုတော့ ပြောဖို့ ငြင်းဆိုထားခဲ့တာပါ။
ဒါပေမယ့် အခု သတင်းထွက်နေတဲ့ နိုင်ငံတွေ စာရင်းကတော့ အတည်မဖြစ်သေးဘဲ အပြောင်းအလဲတွေလည်း ရှိနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထဲရေးနဲ့ လုံခြုံရေးဌာနကတော့ မှတ်ချက် တစုံတရာပေးဖို့ ငြင်းဆိုထားပြီး အခုလ နောက်ပိုင်းမှာ ထုတ်ပြန်သွားနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။