တရုတ်နိုင်ငံကတည်ဆောက်မယ့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းမှာ ယခင်စီမံကိန်း လိုမျိုး ဒေသခံတွေ ထိခိုက်နစ်နာမှာ စိုးရိမ်တာကြောင့် မြဒေးကျွန်းဒေသခံတွေက အချက် ၄ ချက်ပါ တောင်းဆိုချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။
ကျောက်ဖြူမြို့နယ် မြဒေးကျွန်းကျေးရွာအုပ်စု ပြိန်ကျေးရွာဘုန်းတော်ကြီးကျောင်းမှာ ဇန်နဝါရီ ၂၁ ရက်နေ့က မြဒေးကျွန်းလူထုဆွေးနွေးပွဲ ပြုလုပ်ပြီး အခုလို တောင်းဆိုလိုက်တာပါ။ အဆိုပါဆွေးနွေးပွဲကို မြဒေးကျွန်းကျေးရွာအုပ်စုနဲ့ အနီးအနားကျေးရွာတွေက ဒေသခံ ၂၅၀ ဝန်းကျင်ခန့် တက်ရောက်ဆွေးနွေးခဲ့ကြတာပါ။
မြဒေးကျွန်းဒေသခံ ကိုမောင်မောင်သန်းက “၂၀၀၉ ခုနှစ်ကတည်းက ရေနံတင်တဲ့ ဒီဆိပ်ကမ်းရယ်၊ ဓတ်ငွေ့ပိုက်လိုင်းဖြတ်သွားတဲ့ ပိုက်လိုင်းတွေရယ်၊ ကျွန်းပေါ်မှာ CNPC ဆိုတဲ့ ရေနံတွေတင်ပို့တဲ့ ဆိပ်ကမ်းကြီးက လည်ပတ်နေတာ ၁၀ နှစ်တော့ ရှိနေပြီ၊ ဒါပေမဲ့ ဒေသဖွံ့ဖြိုးမှုကို ဘာတခုမှ လုပ်တာမတွေ့ရဘူး၊ ဒေသတွေမှာ အလုပ်အခွင့်အလမ်းတွေမရှိဘူး၊ ကျနော်တို့ အသက်မွေးဝမ်းကြောင်း ပြုနေတဲ့နေရာတွေမှာ လွတ်လပ်လပ် ငါးဖမ်းလို့မရတော့ဘူး၊ တရုတ်သမ္မတရှီကျင့်ဖင် ရောက်တုန်းကလည်း ၃၃ ချက် လက်မှတ်ရေးထိုးထားတာ ကျောက်ဖြူရေနက်ဆိပ်ကမ်း ပါတယ်ဆိုတာ ကြားတယ်။ နောက်ထပ်လာမဲ့ စီမံကိန်းတွေကို ဒေသမှာရှိတဲ့ လူတွေရဲ့ တောင်းဆိုချက်တွေ လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီလူထုတွေ့ဆုံပွဲကို လုပ်ရတာ” လို့ ပြောပါတယ်။
စီမံကိန်းနဲ့ ပတ်သက်ပြီး လက်ရှိအချိန်ထိ စီမံကိန်းဖော်ဆောင်မဲ့ မြဒေးကျွန်းဒေသခံတွေကို ပွင့်လင်းမြင်သာစွာ ချပြထားတာမရှိသေးတဲ့အတွက် စိုးရိမ်နေကြတာလို့ တက်ရောက်ဆွေးနွေးခဲ့တဲ့ မြဒေးကျွန်းဒေသခံ ကိုမောင်မောင်မြင့်က ပြောပါတယ်။
“အခုက ရပ်သူရွာသားတွေ ဘာတခုမှ မသိသေးဘူးလေ၊ ငါးတွေလည်း မဖမ်းရတော့ဘူး၊ အလုပ်အကိုင်အခွင့်အရေးလည်း မရှိဘူး၊ CNPC တခေတ်တော့ ကျွန်းတပိုင်းပေးလိုက်ရပြီလေ၊ အခုက တစိတ်ပေးရမယ်ဖြစ်နေတယ်၊ အခုက သူတို့က တာဝန်ခံမှု တာဝန်ယူမှုဘာမှမရှိသေးဘူး” လို့ ပြောပါတယ်။
မြဒေးကျွန်း လူထုဆွေးနွေးပွဲမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို မဖော်ဆောင်မီ ကာလအတွင်း အစိုးရအနေနဲ့ လယ်ယာမြေများနဲ့ ဒီရေတောများ ရောင်းချထားတာတွေကို ပြန်လည် စိစစ်ပေးဖို့၊ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဒေသဖွံ့ဖြိုးရေးကို ပိုမိုလုပ်ဆောင်ပေးဖို့၊ စီမိကိန်းနဲ့ပတ်သက်ပြီး ဒေသခံများကို ပွင့်လင်းမြင်သာစွာ ချပြဖို့ပြီး တာဝန်ခံမှု တာဝန်ယူမှု အပြည့်နဲ့ ဒေသခံတွေ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့နဲ့ ဒေသခံတွေရဲ့တောင်းဆိုချက်တွေကို မလုပ်ဆောင်ပေးမီအချိန်အတွင်း စီမံကိန်းကို အစိုးရအနေနဲ့ ရပ်တန့်ထားဖို့ စတဲ့အချက် ၄ ချက်ကို တောင်းဆိုခဲ့ကြပါတယ်။
နောင်နောင်