Home
မြန်မာသတင်း
တန် ၄၀၀၀ ဘိလပ်မြေစက်ရုံအနီးက ရေကန်များတွင် ငါးများသေဆုံး
DVB
·
January 22, 2020
ဘိလပ်မြေစက်ရုံ တန် ၄၀၀၀ က စွန့်ပစ်လိုက်တဲ့ ကျောက်မီးသွေးလောင်စာသုံး စွန့်ပစ်ရေတွေကြောင့် စက်ရုံအနီးက ကျေးရွာတွေမှာ ရေတွင်း၊ ရေကန်၊ ချောင်းနဲ့ အင်းအိုင်တွေ ရေအရောင်ပြောင်းလဲခဲ့ပြီးနောက် ဒုတိယအကြိမ် ငါးသေဆုံးတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မရင်းကုန်းကျေးရွာ တောင်ကလေးဘေးမဲ့ကျောင်း ငါးကန်အတွင်းက ငါးတွေ အခုရက်ပိုင်းအတွင်း အများအပြားသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ရေအရောင်ပြောင်းလဲခဲ့မှု၊ နောက်ဆက်တွဲဆိုးကျိုးတွေနဲ့ပတ်သက်ပြီး စက်ရုံပိတ်သိမ်းပေးဖို့ တောင်းဆိုနေချိန်မှာ အခုလို ထပ်မံဖြစ်ပွားခဲ့တာပါ။ ဘားအံမြို့နယ်၊ မရင်းကုန်းကျေးရွာ၊ တောင်ကလေးဘေးမဲ့ကျောင်း၊ ဆရာတော် ဦးဝိမလက “ဒီကန်က အမြဲတမ်း ကြည်စိမ်းနေတဲ့ကန်ပဲ။ အခုကျတော့ အဲဒီရေကမည်းသွားတယ်၊ နှောက်သွားတယ်၊ အနံ့အသက်လည်း မကောင်းတဲ့အခါကျတော့ ငါးတွေကသေသွားတယ်”လို့ မိန့်ပါတယ်။ ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်အေးအေးဇော်က “လောလောဆယ်မှာတော့ ဘာကြောင့်ဆိုတာတော့ အတိအကျပြောလို့မရသေးဘူး။ ကျမတို့ သုံးသပ်တတ်တာလောက်ပဲ။ ကျမတို့ ရေနမူနာတွေလည်း ယူသွားပါပြီ။ ငါးသေတဲ့နမူနာတွေလည်း ယူထားပါတယ်။ အဖြေရတဲ့အခါကျရင် ပြန်လာပြီး ပေးပါမယ်” လို့ ပြောပါတယ်။ သံလွင်သဘာဝပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်မှု၊ တာဝန်ခံ ဦးချစ်မိုးအောင်က “လက်ရှိစီမံကိန်းက စနစ်တကျမရှိဘူး။ ဘာကာဗာမှ မရှိတဲ့အတွက် ဒါကြောင့်လည်းဖြစ်နိုင်တယ်။ ဒေသခံတွေက ဒါမျိုးမကြုံဖူးဘူး။ တကယ်ပဲ သူကြောင့်လား၊ သက်ဆိုင်ရာ ဌာနအသီးသီး၊ အစိုးရဝန်ကြီးဌာနတွေက သေချောအဖြေရှာသင့်တယ်”လို့ ပြောပါတယ်။ မြန်မာစီးပွားရေးကော်ပိုရေးရှင်းပိုင်၊ မြိုင်ကလေး ဘိလပ်မြေစက်ရုံ(တန် ၄၀၀၀) က စွန့်ပစ်လိုက်တဲ့ ကျောက်မီးသွေးလောင်စာသုံး စွန့်ပစ်ရေတွေဟာ မိုးတွင်းကာလ ရေလွမ်းမိုးမှုတွေနဲ့အတူ ကျေးရွာတွေရဲ့ ရေတွင်း၊ ရေကန်၊ ချောင်းနဲ့ အင်းအိုင်တွေမှာ ရေအရောင်ပြောင်းလဲခဲ့သလို နောက်ဆက်တွဲ ငါးသေဆုံးမှုတွေပါ ဖြစ်ပေါ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့က တန် ၄၀၀၀ ဘိလပ်မြေစက်ရုံက ကျောက်မီးသွေးလောင်စာစွမ်းအင် အသုံးပြုလည်ပတ်နေတာကို လုံးဝပိတ်သိမ်းပေးဖို့ စက်ရုံအနီးအနားမှာရှိတဲ့ ကျေးရွာပေါင်း ၂၇ ရွာက ဒေသခံပြည်သူတွေ ထောင်နဲ့ချီပြီး ကန့်ကွက်ဆုတောင်းပွဲတစ်ခုလည်း ပြုလုပ်ခဲ့ပါသေးတယ်။ အမည်းရောင်ပြောင်းလဲခဲ့တဲ့ ရေနမူနာအဖြေတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာပညာရှင်တွေနဲ့ စမ်းသပ်ပြီး တိကျတဲ့အဖြေထုတ်ပြန်ပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။ ၂၀၁၆ ခုနှစ်ကစတင်ပြီး သဘာဝဓာတ်ငွေ့ကနေ ကျောက်မီးသွေးလောင်စာပြောင်းလဲ သုံးစွဲတာကို ဒေသခံတွေက ကန့်ကွက်ခဲ့ပေမယ့် ရေအရောင်းပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်မှာ မေးခွန်းမေးမြန်းဆွေးနွေးတာတွေ မရှိတဲ့ အတွက် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024