ရင်ဘတ်အောင့်တိုင်း နှလုံးရောဂါလား
DVB
·
January 22, 2020

ရင်ဘတ်အောင့် ပြီဆိုရင်၁၀ယောက်မှာ ၈ယောက်လောက်က နှလုံးရောဂါလို့ထင်တတ်ကြပါတယ်။ ပတ်ဝန်းကျင်မှာ ရင်ဘတ်အောင့်တယ် အောင့်တယ်ပြောပြီး ဆုံးသွားတဲ့သူတွေကိုလည်း တွေ့ဖူးကြမှာပါ။ တကယ်တော့ ရင်ဘတ်အောင့်တယ်ဆိုတာ လူနာအတွက်ရော ဆရာဝန်အတွက်ရော ဖြေရှင်းရခက်တဲ့ ပုစ္ဆာတစ်ပုဒ်ပါ။ ရင်ဘတ်အောင့်တိုင်း နှလုံးရောဂါလား။ ဒီလိုလည်းမဟုတ်ပြန်ပါဘူး။ တခြားအကြောင်းရင်းတွေလည်း ရှိပါသေးတယ်။ ဒါတွေက ဘာတွေဖြစ်နိုင်မလဲ။ ဆက်ကြည့်ရအောင်။
ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
အကြောင်းရင်းများ
ရင်ဘတ်အောင့် တာက ဖြစ်တဲ့ရောဂါပေါ်မူတည်ပြီး နာတဲ့ပုံစံမတူပါဘူး။ တစ်ခါတစ်လေ ရင်ဘတ်အောင့်တာက ဘာရောဂါမှရှိလို့မဟုတ်ပါဘူး။ ဒါကလည်း ဆရာဝန်နဲ့ ပြပြီး လိုအပ်တဲ့ စစ်ဆေးချက်တွေ လုပ်ပြီးမှ သိနိုင်တာပါ။ နှလုံးကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့်ခြင်း ရင်ဘတ်အောင့်တာက နှလုံးနဲ့ဆိုင်တယ်ပြောပေမယ့် တကယ်တမ်း နှလုံးရောဂါရှိတဲ့သူတွေကို မေးကြည့်မယ်ဆိုရင် သူတို့ခံစားရတာက နာတာမဟုတ်တဲ့ တခြားမအီမသာ ခံစားမှုမျိုး၊ စကားနဲ့မဖော်ပြတတ်တဲ့ ဝေဒနာတစ်မျိုးကို ခံစားနေရတာပါ။ အကြမ်းဖျင်းပြောရရင် နှလုံးရောဂါကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့်တာက အောက်ကလက္ခဏာတွေနဲ့ တွဲတွေ့ရနိုင်ပါတယ်။ -ရင်ဘတ်ပေါ်ကို တစ်ခုခုနဲ့ဖိထားသလို တင်းကြပ်ကြပ်ခံစားနေရတာ -ကြိတ်ချေသလို၊ ဆွဲဖြဲသလို နာကျင်မှုမျိုးခံစားရပြီး နောက်ကျော၊ လည်ပင်း၊ မေးကြော၊ ပုခုံးနဲ့ လက်မောင်းတစ်ဖက် ဒါမှမဟုတ် နှစ်ဖက်လုံးထိ ပျံ့သွားတာ -နာကျင်မှုက မိနစ်တော်တော်ကြာမယ်။ လှုပ်ရှားရင်လည်းနာမယ်။ ဖြစ်လိုက် ပျောက်လိုက်နဲ့ နာတဲ့ ပြင်းထန်မှုလည်း မတူတာ -မောတာ -ချွေးစေးတွေထွက်တာ -ခေါင်းမူးတာ၊ အားနည်းတာ -ပျို့တာ၊ အန်တာ စတာတွေပဲ ဖြစ်ပါတယ်။ တခြားအကြောင်းကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့်ခြင်း နှလုံးကြောင့်အောင့်တာလား၊ တခြားကြောင့် အောင့်တာလားဆိုတာ ခွဲရခက်ပါတယ်။ တခြားအကြောင်းကြောင့်ဆိုရင်တော့ အောက်ကလက္ခဏာတွေနဲ့တွဲတတ်ပါတယ်။ -ပါးစပ်ချဉ်တာ၊ စားမြုံ့ပြန်တာ -မြိုရခက်တာ -ခန္ဓာကိုယ်အနေအထားပြောင်းလိုက်ရင် နာတာပိုဆိုးတာ၊ သက်သာတ -အသက်ပြင်းပြင်းရှူရင်၊ ချောင်းဆိုးရင် ပိုဆိုးတာ -ရင်ဘတ်ကိုဖိထားရင် ပိုနာတာ -နာရီနဲ့ချီအောင် နာတာ စတာတွေပဲ ဖြစ်ပါတယ်။ ရင်ပူတဲ့လက္ခဏာကတော့ နှလုံး ဒါမှမဟုတ် အစာအိမ်ရဲ့ ပြဿနာကြောင့် ဖြစ်နိုင်ပါတယ်။အကြောင်းရင်းများ
နှလုံး –နှလုံးသွေးကြောပိတ်တာ –နှလုံးသွေးကြောကျဉ်းတာ -သွေးကြောမကြီး နံရံပြဲတာ –နှလုံးအမြှေးပါးရောင်တာ အစာအိမ်နဲ့ အူလမ်းကြောင်း -အစာချဉ်ရည်ဆန်တက်ပြီး ရင်ပူတာ -အစာရေမြိုပြွန်ရောဂါကြောင့် မြိုရခက်ပြီး ရင်ဘတ်အောင့်တာ –သည်းခြေအိတ် ဒါမှမဟုတ် ပန်ကရိယရောင်ရမ်းတာ အရိုးအကြောနဲ့ ကြွက်သား -နံရိုးနုရောင်ရမ်းတာ -ကြွက်သားနာတာ -နံရိုးကျိုးတာ အဆုတ် –အဆုတ်သွေးကြောပိတ်တာ -အဆုတ်အမြှေးပါးရောင်တာ -အဆုတ်ကျုံ့တာ -အဆုတ်သွေးကြောသွေးတိုးတာ အခြားအကြောင်းအရင်း -စိတ်လှုပ်ရှားတာ –ခါးပတ်ရေယုန်ပေါက်တာ စတာတွေပဲဖြစ်ပါတယ်။ ဒီလောက်ဆိုရင် ရင်ဘတ်အောင့်တာ နှလုံးရောဂါကြောင့်တစ်ခုတည်းမဟုတ်ဘူးဆိုတာ သိလောက်ပါပြီ။ သင်က ရင်ဘတ်အောင့်တယ်လို့ပဲပြောတာပါ။ ဖြစ်နိုင်တဲ့ အကြောင်းရင်းကတော့ သေနိုင်လောက်တဲ့ နှလုံးရောဂါကနေ သာမန်စိတ်လှုပ်ရှားလို့အောင့်တာအထိ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် သင်ရင်ဘတ်အောင့်လို့ ဆေးခန်းသွားပြရင်တော့ ဆရာဝန်က သေနိုင်လောက်တဲ့ နှလုံးရောဂါ၊ အဆုတ်ကျံတာ၊ အဆုတ်သွေးကြောပိတ်တာ စတဲ့အကြောင်းရင်းကြောင့်လားဆိုတာ အရင်ရှာရမှာပါ။ ဒါတွေမရှိမှ တခြားကြောင့်လားဆိုတာ ဆက်စဉ်းစားမှာပါ။ ဒီရောဂါတွေက မသိလိုက်လို့ အချိန်မီမကုသနိုင်ရင် အသက်ဆုံးရှုံးနိုင်လို့ပါ။ ရေးသားသူ Dr. Htet Htet Zaw Win ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win