ကျောက်ဆည်မြို့ စက်မူဇုန်နယ်မြေက မြေသိမ်းခံတောင်သူများဆန္ဒပြ
Aung Aung Naing
·
January 22, 2020
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် စက်မှုဇုန်နယ်မြေအတွက် သိမ်းဆည်းထားတဲ့မြေ ပြန်ရရေးအတွက် ရွာကြီး ၈ ရွာက တောင်သူတွေ ဇန်နဝါရီ ၂၂ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒထုတ်ဖော်ပွဲဦးဆောင်သူ တံခွန်တောင်သူလယ်သမားသမဂ္ဂက ဦးဆောင်သူ ဦးအေးသိန်း က “ကျနော်တို့ ဒေသခံတောင်သူလယ်သမားများပိုင်ဆိုင်တဲ့ လယ်ယာမြေတွေကို ဥပဒေမဲ့ အဓမ္မ အနိုင်အထက်ပြုကျင့် သိမ်းဆည်းခံခဲ့ရတယ်။ တရားဥပဒေနဲ့အညီ ကုစားကာကွယ်ပေးဖို့ ဆန္ဒထုတ်ဖော်ရတာ” လို့ ပြောပါတယ်။
ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်အတွင်းက ကုလားကျောင်းရွာ၊ ဗလီကွင်းရွာ၊ ရှမ်းရွာကြီးရွာ၊ ရွာနန်းအရှေ့ရွာ၊ တောင်ပလူရွာ၊ ဖျောက်ဆိပ်ပင်ရွာ အနောက်ရေပြားတောရွာ၊ အရှေ့ရေပြားတောရွာတို့က တောင်သူ ၂၀၀ ကျော် ပိုင်ဆိုင်တဲ့ ဘိုးဘွားပိုင်မြေ မြေဧက ၆၀၀ ကျော်ကို တပ်မတော်အစိုးရလက်ထက် ၁၉၉၁/၉၂ ခုနှစ် က ကျောက်ဆည်စက်မှုဇုန်နယ်မြေ တည်ဆောက်ဖို့အတွက် သိမ်းဆည်းခဲ့တာလည်းဖြစ်ပါတယ်။
မြေဧက ၃၀ ကျော်ကို သိမ်းဆည်းခံရံခဲ့ရတဲ့ ဦးအောင်လှမျိုးက “ကျနော်တို့ရဲ့ ဘိုးဘွားတွေ ပိုင်ဆိုင်ခဲ့တဲ့ ဓားမဦးချပိုင် မြေတွေကို အတင်းအဓမ္မ သိမ်းဆည်းထားတဲ့အတွက် လက်ရှိ ပြည်သူ့ အစိုးရသိအောင် အခုလို ဆန္ဒထုတ်ဖော်ရတာ ဖြစ်တယ်”လို့ ပြောပါတယ်။
ကျောက်ဆည်မြို့အတွင်း ဘောဂဝတီရပ်ကွက်အုပ်စု မြို့ဦးရပ်က မြို့ဝင်ဆင်နှစ်ကောင်ကနေ ရန်ကုန်-မန္တလေးကားလမ်းအတိုင်း နာရီစင်လမ်းဆုံအထိ ဆန္ဒထုတ်ဖော်ပြီး နာရီစင်လမ်းဆုံကနေ ဖောင်ရွာလမ်းဆုံ တောင်ပတ်လမ်းအတိုင်း ဆင်ပြိုင်ကွင်းအတွင်းမှာ ဟောပြော ဆန္ဒထုတ်ဖော်ခဲ့ကြ ပါတယ်။
တိုင်းဒေသကြီးအစိုးရအနေနဲ့ အမြန်ဆုံး ဒေသခံတောင်တွေကို ကူညီပေးသွားဖို့လည်း မျှော်လင့်နေကြပါတယ်။