Home
မြန်မာသတင်း
ရာဇဝတ်မှုကျူးလွန်သည့် တပ်မတော်သားများ တာဝန်ခံမှုရှိလာစေရေး အလျင်အမြန်ကြိုးပမ်းရန် ICOE အကြံပြု
ပိုင်စိုး
·
January 21, 2020
စစ်ဥပဒေချုပ်ရုံးအနေနဲ့ တပ်မတော်တပ်ဖွဲ့ဝင်တွေကို ရာထူးအဆင့်ဆင့်အလိုက် လိုအပ်တဲ့ စုံစမ်းစစ်ဆေးတာတွေ လုပ်ပြီး ရာဇဝတ်မှု ကျူးလွန်သူတွေကို တာဝန်ခံမှုရှိလာစေရေး အမြန်လုပ်ဆောင်ဖို့ လိုတယ်လို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) က အကြံပြုလိုက်ပါတယ်။ မနေ့က သမ္မတဆီကို ပေးအပ်တဲ့ အစီရင်ခံစာမှာ နယ်မြေရှင်းလင်းရေးလုပ်ရာမှာ ရာဇဝတ်မှုတွေ၊ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပြည်တွင်း တည်ဆဲဥပဒေတွေကို ချိုးဖောက်ခဲ့တယ်လို့ ကော်မရှင်က ကောက်ချက်ချထားပြီး အကြံပြုချက် ၂၂ ချက်ကိုလည်း ထည့်သွင်းဖော်ပြထားတာပါ။ အစိုးရအနေနဲ့ လက်ရှိ တရားစီရင်ရေးနဲ့ စုံစမ်းစစ်ဆေးရေးယန္တရားတွေကို ပိုကောင်းလာအောင် ကြိုးပမ်းသင့်ပြီး မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေဖြစ်မယ့် အကူးအပြောင်းကာလ တရားမျှတမှုနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းစဉ်တွေကို ဥပဒေရေးရာ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေး ချမှတ်သွားဖို့ လိုတယ်လို့ ဆိုပါတယ်။ ပြီးတော့ ရခိုင်မြောက်ပိုင်းက ဒေသခံတွေအားလုံးအတွက် တရားစွဲဆိုခွင့်နဲ့ တိုင်တန်းတာတွေကို ဖြေရှင်းပေးနိုင်မယ့် သင့်လျော်တဲ့နည်းတွေ အပါအဝင် တရားရေးအရ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေရအောင် ဆောင်ရွက်ပေးဖို့လိုတယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရ၊ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့အနေနဲ့ သူတို့ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး မူဝါဒပုံစံနဲ့ ဖော်ဆောင်ရေးလုပ်ငန်းစဉ်တွေကို ပြန်သုံးသပ်ဖို့လိုပြီး နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီစေဖို့အတွက် နိုင်ငံတကာအကူအညီရယူနိုင်တယ်လို့လည်း အကြံပြုပါတယ်။ ဒါ့အပြင် အစိုးရအနေနဲ့ အမုန်းစကားတွေကို ထိရောက်တဲ့ နည်းလမ်းနဲ့ ကိုင်တွယ်ဖို့ လိုပြီး ပြဿနာမဖြစ်ခင် ကြိုတင်လုပ်ဆောင်ဖို့အားပေးရမယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်လိုမျိုး ယဉ်ကျေးမှုပေါင်းစုံက လူမှုအသိုင်းအဝိုင်းတွေ ယှဉ်တွဲနေထိုင်တဲ့ နေရာတွေမှာ တာဝန်ထမ်းဆောင်စေမယ့် အစိုးရအရာရှိတွေကို မတူကွဲပြားတဲ့ ယဉ်ကျေးမှုရှိသူတွေကို မျှမျှတတ ဆက်ဆံတတ်တဲ့ အရည်အသွေး၊ လူမျိုးရေးသဟဇာတဖြစ်မှု၊ စည်းလုံးညီညွတ်မှု၊ ပေါင်းစပ်ညှိနှိုင်းရေးနဲ့ စေ့စပ်ညှိနှိုင်းရေး စတဲ့ ဘာသာရပ်တွေကို သင်တန်းပို့ချပေးဖို့ လိုတယ်လို့လည်း ဆိုပါတယ်။ ပြီးတော့ မြန်မာအစိုးရ၊ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့အနေနဲ့ လွတ်လွတ်လပ်လပ် သွားလာတာကို ကန့်သတ်တာ၊ ဝန်ဆောင်မှုတခုခု ရဖို့အတွက် တရားမဝင်ငွေပေးနေရတာ အပါအဝင် ကုန်စည်၊ ဝန်ဆောင်မှုနဲ့ လူတွေ အဆင်ပြေပြေ သွားလာရေးကို နှောင့်ယှက်တဲ့ တားမြစ်ကန့်သတ်တာတွေ၊ အသက်မွေးဝမ်းကျောင်းတာကို အဟန့်အတားဖြစ်စေတဲ့ အကန့်အသတ်တွေကို ဖယ်ရှားပေးဖို့ လိုတယ်လို့လည်း ဆိုပါတယ်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဖို့၊ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးဖို့၊ လူတိုင်း လက်လှမ်းမီနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပေါ်ပေါက်ဖို့၊ မရှိမဖြစ်လိုတဲ့ ဝန်ဆောင်မှုတွေကို တန်းတူလက်လှမ်းမီနိုင်ရေး လုပ်ပေးဖို့ စတာတွေကိုလည်း ကော်မရှင်က အကြံပြုထားပါတယ်။ အခုအကြံပြုချက်တွေကို အကောင်အထည်ဖော်ရာမှာ လေ့လာစောင့်ကြည့်ဖို့အတွက် ရခိုင်မြောက်ပိုင်း လူမှုအသိုင်းအဝိုင်းတွေက အရပ်ဘက် အဖွဲ့အစည်းကိုယ်စားလှယ်တွေ၊ ဒေသခံ ပညာရှင်တွေပါတဲ့ အဖွဲ့တခု ထူထောင်ဖို့လည်း တိုက်တွန်းထားပါတယ်။ ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် စုံစမ်းဖို့ ဖိလစ်ပိုင် ဒုနိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဆောင်တဲ့ အဖွဲ့ဝင် ၄ ယောက်နဲ့ ၂၀၁၈ ခုနှစ်၊ သြဂုတ် ၁၅ ရက်က သမ္မတအမိန့်နဲ့ ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။  လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) ၏ အကြံပြုချက် ၂၂ ချက် ဖတ်ရှုရန်–
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024