Home
မြန်မာသတင်း
ကျောက်မျက်ပြပွဲများတွင် ကုန်သွယ်ခွန် ငါးရာခိုင်နှုန်း ကင်းလွတ်ခွင့်ပြုရန် စီမံဘဏ္ဍာကို တင်ပြ
DVB
·
January 21, 2020
နေပြည်တော်မှာ ကျင်းပတဲ့ ကျောက်စိမ်းနဲ့ ကျောက်မျက်ပြပွဲတွေကလွဲရင် အခြား တိုင်း ဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကျင်းပတဲ့ပြပွဲတွေမှာ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်နေရတာနဲ့ ပတ်သက်ပြီး ကုန်သွယ်ခွန် ငါးရာခိုင်နှုန်းကို ကင်းလွတ်ခွင့်ရရှိဖို့အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနထံ တင်ပြထားတယ်လို့ မန္တလေးတိုင်းအခွန်ဦးစီးဌာနကနေ သိရပါတယ်။ ကျောက်စိမ်းနဲ့ ကျောက်မျက်ရတနာတွေ အရောင်းအဝယ် ပြုလုပ်ရာမှာ ရောင်းချသူဘက်က ရတနာခွန် ၁၁ ရာခိုင်နှုန်း၊ ကုန်သွယ်ခွန်အနေနဲ့ ဝယ်သူဘက်က ၅ ရာခိုင်နှုန်းကို နိုင်ငံတော်ကို ပေးသွင်းရတာလို့ သိရပါတယ်။ မန္တလေးတိုင်းတိုင်းအခွန်ဦးစီးဌာနမှူး ဦးထွန်းထွန်းအောင်က "ကျနော်တို့ မန္တလေး ကျောက်မျက်လုပ်ငန်းရှင်များ အသင်းကလည်း ပြည်ထောင်စုအစိုးရကနေ ကြီးမှူးကျင်းပတဲ့ နေပြည်တော်မှာကျင်းပတဲ့ ကျောက်မျက်ပြပွဲတွေမှာဆိုလို့ရှိရင် ကုန်သွယ်လုပ်ငန်းခွန်က ရရှိပါတယ်။ ပြည်ထောင်စု အခွန်အကောက်ဥပဒေမှာ ကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။ အဲ့တော့ အဲ့နည်းတူပဲ ဒီ မန္တလေး ကျောက်မျက်လုပ်ငန်းရှင်များအသင်းကလည်း ဒီမှာကျင်းပတဲ့ ပြပွဲတွေမှာဆိုလို့ရှိရင် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ရရှိရေးအတွက် သူတို့ကလည်း တင်ပြတောင်းဆိုလာတာ လေးတွေ တွေ့ရပါတယ်။ အဲဒီအတွက် မန္တလေးတိုင်းအနေနဲ့ ကလည်း အခွန်ဘဏ္ဍာငွေ ကောက်ခံရရှိရေး အထောက်အကူပြုအဖွဲ့မှာ ကျနော်က အတွင်းရေးမှူးပါ၊စီမံဘဏ္ဍာဝန်ကြီး ဦးမြတ်သူက အဲဒီ အထောက်အကူပြုအဖွဲ့မှာ ဥက္ကဋ္ဌပါ၊ သူ့ကိုလည်း တင်ပြထားပါတယ်။ ဒါပေမဲ့ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပြုနိုင်တာကတော့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုမှပဲ ကင်းလွတ်ခွင့်ရနိုင်မှာပါ၊ ဒီနှစ်မှာတော့ ကျနော်တို့က ကြိုတင်တင်ပြထားတဲ့ သဘောပေါ့။ လုပ်ငန်းရှင်များကလည်း တင်ပြတဲ့အတွက် ကျနော်တို့က‌လည်း ဆင်လက်တင်ပြထားပါတယ်။” ကျောက်စိမ်းနဲ့ ကျောက်မျက်ပြပွဲတွေကို ပြည်ထောင်စုအစိုးရရဲ့ ကြီးကြပ်မှုနဲ့ နေပြည်တော်မှာ ကျင်းပတဲ့အပြင် စစ်ကိုင်း၊နဲ့ ရန်ကုန်မှာ ယခင်က ပြုလုပ်ကျင်းပလေ့ ရှိပြီး ယခုနှစ်ပိုင်းတွေမှာတော့ မြစ်ကြီးနားနဲ့မန္တလေးမြို့မှာပါ ကျင်းပလာတာပါ။ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(မန္တလေး)မှ ဒုတိယ ဥက္ကဋ္ဌ (၁) ဦးကျော်ဇောအောင်က "ကုန်သွယ်ခွန်ကို ကင်းလွတ်ခွင့် ပြုဖို့အတွက်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး အခွန်ကနေ ပြည်ထောင်စုကို တင်ပြထားတယ်။ ကျနော်တို့ ကျောက်မျက်ကနေပြီးတော့ ဒီကုန်သွယ်ခွန်ကို အရင်တုန်းက အစိုးရဆိုတဲ့ စကားရပ်မှာပဲ ဖြစ်နေပေမယ့် ခု ဥစ္စာက ၂၀၁၉ ဥပဒေအရ အခွန်ဥပဒေကြမ်းမှာ ပြည်ထောင်စုအစိုးရ ကြီးမှူး ကျင်းပတဲ့ပွဲတွေသာ ကုန်သွယ်ခွန်ကင်းလွတ်ခွင့်ရှိတဲ့သဘောမျိုး ဖြစ်သွားတယ်ပေါ့နော်၊ အဲ့ပေါ်မှာ လည်း တကယ်တမ်းပြောရင် မန္တလေး၊ စစ်ကိုင်း၊ မြစ်ကြီးနား အဲလိုပွဲတွေကလည်း တကယ်တမ်း ဒီကဝင်ငွေတွေကလည်း နိုင်ငံတော်ကိုဝင်ပါတယ်။ ပြည်ထောင်စုကိုလည်း ဝင်ငွေရရှိမှာ ဖြစ်တဲ့အတွက် ဒါတွေကို ကျနော့်အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ကျောက်မျက်လုပ်ငန်းရှင်တွေ ကိုယ်စားအနေနဲ့ရော ပြည်ထောင်စုပွဲကြီးမှာ ကင်းလွတ်ခွင့်ရပြီးတော့ တိုင်းဒေသကြီးတွေမှာ ကင်းလွတ်ခွင့်မရတဲ့အနေအထားတွေပေါ်မှာတော့ ပြန်လည်စဉ်းစားပေးဖို့ ကင်းလွတ်ခွင့်ပေးဖို့ကို ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေကိုရော တင်ပြထားတယ်ပေါ့နော်၊ ကျနော်တို့ အသင်းချုပ်ကနေပြီးတော့လည်း တင်ပြသွားမှာပါ" လို့ ပြောပါတယ်။ ဝယ်သူဘက်ကပေးရတဲ့ ကုန်သွယ်လုပ်ငန်းခွန် ငါးရားခိုင်နှုန်း ကင်းလွတ်ခွင့်ရဖို့ကိုလည်း လွတ်တော်ကနေတဆင့် ပြည်ထောင်စု အစိုးရအဖွဲ့ထံ ဆက်လက်တင်ပြမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် အောက်တိုဘာ ၂၃ရက်နေ့ကနေ ၂၉ရက်နေ့အထိ မန္တလေးမြို့မှာ ကျင်းပ ရောင်းချခဲ့တဲ့ ကျောက်စိမ်းအရိုင်း၊ အချောထည်နဲ့ ကျောက်မျက်ရတနာပြပွဲကနေ အခွန်ဘဏ္ဍာငွေ ကျပ် ၂.၀၀၃ ဘီလျံကို ကောက်ခံရရှိခဲ့တယ်လို့ တိုင်းဒေသကြီးအခွန်ဦးစီးဌာနကနေ သိရပါတယ်။  အဲ့ဒီပြပွဲမှာ ရတနာခွန်နဲ့ ကုန်သွယ်ခွန် ပေးဆောင်ခဲ့တဲ့ ကျောက်မျက်လုပ်ငန်းရှင်တွေကို အခွန်ပြေစာပေးအပ်ပွဲကိုလည်း ဇန်နဝါရီ ၁၇ ရက်နေ့က မန္တလေးမြို့၊ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းရုံးမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီပြပွဲမှာ အရောင်းအဝယ်ပြုလုပ်ကြသူတွေထဲက လုပ်ငန်းရှင် ၁၂၃ ဦးရဲ့ လော့တွဲပေါင်း ရှစ်ရာကျော်အတွက် ‌အခွန်ပြေစာတွေကို ပေးအပ်ခဲ့ပြီး လုပ်ငန်းရှင် နှစ်ရာခန့်ရဲ့ လော့တွဲပေါင်း နှစ်ထောင်ခန့်ကိုလည်း အခွန်ပြေစာတွေ ဆက်လက်ပေးအပ်ဖို့ရှိတယ်လို့ သိရပါတယ်။ ထိန်ထိန်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024