တွံတေးတူးမြောင်း သိကောင်းဖွယ်ရာ

တွံတေးဘက်ကို လှိုင်သာယာကနေ ကားလမ်းခရီးနဲ့ သွားရင် တနာရီကျော်ကျော်ပဲ ကြာတယ်။ ဟိုအရင်ကတော့ ရေလမ်းခရီးနဲ့ သွားကြရတာ အချိန်အတော်ပေးရတယ်။ မြန်မာနိုင်ငံ အထက်ပိုင်းနဲ့ အောက်ပိုင်းတို့ရဲ့ ကူးသန်းရောင်းဝယ်ရေးတွေမှာ ဧရာဝတီနည်းတူ တွံတေးတူးမြောင်းဟာလည်း အရေးပါခဲ့တာပါပဲ။ တွံတေးတူးမြောင်းကတဆင့် ရန်ကုန်ကို သွားကြရတာကိုး။ အဲဒီတုန်းက တူးမြောင်းတွေဟာ ရေလမ်းခရီးရဲ့ဖြတ်လမ်းတွေလို့တောင် ပြောလို့ ရတယ်။ “တူးမြောင်း”ဆိုတာကတော့ မြောင်းဖြစ်အောင် လူတွေ တူးထားလို့ တူးမြောင်းလို့ ခေါ်တာ။ အချို့တူးမြောင်းတွေက စိုက်ပျိုးရေးအတွက် ရေသွယ်ယူလို့ရအောင် ဖောက်လုပ်ခဲ့ကြသလို အချို့တူးမြောင်းတွေကတော့ ရေလမ်း ခရီးသွားလာရေးအတွက် အဆင်ပြေအောင် ဖြတ်လမ်းအဖြစ် ဖောက်လုပ်ခဲ့ကြတာ။ စိုက်ပျိုးရေးအတွက် ရေသွယ်ယူဖို့ တူးမြောင်းတွေကတော့ ဗမာဘုရင်တွေလက်ထက်ကတည်းက ဖောက်လုပ်ခဲ့ကြဖူးတယ်။ မြန်မာနိုင်ငံမှာ ရေလမ်းခရီးအတွက် ဖောက်လုပ်ခဲ့တဲ့ တူးမြောင်းများစွာ ရှိတယ်။ ထင်ရှားတာတွေက တွံတေးတူးမြောင်း၊ ပဲခူး စစ်တောင်းတူးမြောင်း၊ ကျိုက်ထိုတူးမြောင်း၊ ပန်းလှိုင်တူးမြောင်း၊ ပုလုတူးမြောင်း၊ အိမ်မဲတူးမြောင်း၊ ဖိုးတုတ်တူးမြောင်းနဲ့ ဘောလယ်တူးမြောင်းတို့ပါပဲ။ ဒီတူးမြောင်းတွေက ၁၈၅၂ ခုနှစ် မြန်မာပြည် အင်္ဂလိပ် လက်အောက် ကျရောက်ပြီးမှ ဖောက်ခဲ့တဲ့ တူးမြောင်းတွေပါ။ မြန်မာတွေကတော့ တွံတေးတူးမြောင်း ဖောက်လုပ်ခဲ့တဲ့ မြန်မာသက္ကရာဇ်ကို အခြေပြုပြီး “အောက်-က-စ-ပါး”  လို့ အတိုကောက် သတ်မှတ်ခဲ့ကြတယ်။ အဓိပ္ပာယ်ကတော့ (၁၂၃၅) ခုနှစ်လို့ ဆိုပါတယ်။ ခရစ်သက္ကရာဇ်ကတော့ ၁၈၇၃ ခုနှစ် ဖြစ်တယ်။ ဒီတူးမြောင်းကိုတော့ တဆက်တည်း ဖောက်လုပ်ခဲ့ဟန် မရှိဘူး။ ၁၈၇၃ ခုနှစ်က စတင်ဖောက်လုပ်ခဲ့တာ။ ရိုးချောင်းသာသာမျှသာ ရှိခဲ့တာကြောင့် အချို့နေရာတွေမှာ ရေတိမ်နေတယ်။ ရေလမ်းခရီး မသွားလာနိုင်ခဲ့သေးဘူး။ တွံတေးတူးမြောင်း မဖောက်မီကတော့ အထက်မြန်မာပြည်ကနေ ဧရာဝတီမြစ်ကြောင်းလိုက် စုန်ဆင်းလာရင် ရန်ကုန်ကို ရောက်ဖို့ ရေလမ်းနှစ်သွယ် ရှိတယ်။ ပထမလမ်းကြောင်းတသွယ်က ဝါးဘလောက်သောက်ခေါ် ပုသိမ်မြစ်ကနေ သွားချင်ရင် တွံတေးဝမှာရှိတဲ့ တိုးမြစ်အတိုင်း ၃၅ မိုင်ခန့် စုန်ဆင်းပြီး ဒေးဒရဲအနီးကနေ ဝါးဘလောက်သောက်မြစ်အတိုင်း ရန်ကုန်မြစ်ကို ၃၂ မိုင်ခန့် ထပ်ဖြတ်ရတယ်။ ဓနုတ်ဘုရားအနီးရောက်မှ ရန်ကုန်မြစ် ဆန်တက်ရတယ်။ စုစုပေါင်း ရေလမ်းခရီးမိုင် ၇၉ မိုင် ရှည်တယ်။ ဒုတိယလမ်းကြောင်းကတော့ ညောင်တုန်းမြို့အနီး ပန်းလှိုင်မြစ်ကို ဖြတ်ပြီးသွားတဲ့ လမ်းပါ။ ပုသိမ်၊ မြောင်းမြ၊ ဝါးခယ်မကနေ လာမယ်ဆိုရင် ဧရာဝတီနဲ့ တိုးမြစ်ဆုံရာကနေ အထက်ကို ၁၆ မိုင် ဆန်တက်ရတယ်။ ညောင်တုန်း ရောက်ပြီး ပန်းလှိုင်ကနေ ၆၈ မိုင် ရန်ကုန်ကို စုန်ဆင်းရတယ်။ စုစုပေါင်း ရေလမ်းခရီး မိုင် ၈၄ မိုင် ရှည်လျားတယ်။ တွံတေးတူးမြောင်းကသွားရင် တဝက်နီးပါး ခရီးမိုင်တိုသွားစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ၁၈၇၃ ခုနှစ်မှာ တွံတေးတူးမြောင်းကို ဖောက်လုပ်ခဲ့တာလို့ မှတ်တမ်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။ ၁၈၈၁ ခုနှစ်ရောက်တော့ အင်္ဂလိပ်အစိုးရက မိုင်တိုင် ၃ မိုင်ခွဲကနေ မိုင်တိုင် ၁၁ မိုင်အထိ အကျယ် ၂၅ ပေအထိ ထားပြီး ၉ မိုင်အရှည်ကို အကျဉ်းသားတွေနဲ့ တူးဖေါ်ခဲ့ကြတယ်လို့ ဆိုတယ်။ အဲဒီအချိန်အထိ ရန်ကုန်မြစ်ရေ ၄ ပေနဲ့ ၅ လက်မ ရောက်ရင် တွံတေးတူးမြောင်းမှာ ရေနည်းသွားပြီ။ သင်္ဘောသွားလာလို့ မရတော့ပြန်ဘူး။ ဒါကြောင့် ၁၉၀၈ ခုနှစ်မှာ တူးမြောင်း ချဲ့ထွင်ဖို့ စီမံကိန်းရေးဆွဲပြီး ၁၉၁၃-၁၇ ခုနှစ်တို့မှာ ရေစူးအနက် ၉ ပေနဲ့ အကျယ် ၁၈၀ ပေအထိ တိုးချဲ့ဖောက်လုပ်ခဲ့တယ်။ တူးမြောင်းရေ တိုက်စားမှုကြောင့် ၁၉၂၀ မှာ ပေ ၅၀ ခန့်ကျယ်လာလို့ မြစ်ဝမှာ ကျောက်စီပြီး ထိန်းသိမ်းခဲ့ရတယ်။ ၁၉၂၅ ခုမှာလည်း အချို့နေရာတွေမှာ ၂ ဆ ကျယ်လာလို့ ဘေးထိန်းချုပ်မှုနဲ့ အောက်ခြေထိန်းချုပ်မှု လုပ်ရပြန်တယ်။ ၁၉၃၂ မှာလည်း ထပ်မံလုပ်ပေးရတယ်။ အဲဒီနောက်တော့ နှစ်စဉ် တူးမြောင်းထိန်းသိမ်းမှုကို လုပ်ခဲ့ကြတယ်။ အင်္ဂလိပ်တို့ကတော့ တူးမြောင်း အခွန်ကောက်ခံမှုကို စနစ်တကျ ပြုလုပ်ခဲ့ကြတယ်။ တူးမြောင်းတလျှောက်အတွက် အင်စပက်တာ နှစ်ယောက်ကို နယ်မြေခွဲခြား အုပ်ချုပ်စေတယ်။ တွံတေးတူးမြောင်းတွင်း သွားလာရာ လှေ၊ သင်္ဘောများကို အခွန်ကောက်တယ်။ တချိန်ကတော့ ဝါးဖောင်နဲ့ သစ်ဖောင်တို့ကို သွားလာခွင့်မပြုခဲ့ဘူး။ ဒါ့အပြင် တွံတေးတူးမြောင်းအတွင်း သွားလာခွင့်ဥပဒေကိုလည်း ပြဋ္ဌာန်းခဲ့တယ်။ ရတဲ့ အကောက်ခွန်တွေထဲက တူးမြောင်း ပြုပြင်ထိန်းသိမ်းရေးအတွက် ရန်ပုံငွေကိုလည်း စနစ်တကျ ထားရှိခဲ့တယ်။ တူးမြောင်းအတွင်း လှေ၊ သင်္ဘောသွားလာမှုကို ရေဝန်မှတဆင့် စနစ်တကျ ကြီးကြပ်ခဲ့ပေမယ့် ရေယာဉ်အချင်းချင်းတိုက်မှုဟာ အကြိမ်ကြိမ် ဖြစ်ခဲ့တယ်။ ၁၉၈၀ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း ရှစ်နှစ်တာ မှတ်တမ်းအရ ရေယာဉ်အချင်းချင်း တိုက်မှု သဘာဝဘေးအန္တရာယ် ကျရောက်မှုဟာ အကြိမ် ၃၀ ခန့် ဖြစ်ခဲ့တယ်။ ရေယာဉ်အချင်းချင်း တိုက်မှုမှာ အသေအပျောက် အများဆုံးက ၁၉၈၇ခုနှစ် အောင်ဇင်မင်း မော်တော်နှင့် ဌေးဌေးဝင်း မော်တော်တို့ တိုက်မိရာ လူ ၁၄ ဦး အသေအပျောက်ရှိခဲ့သည်။ သို့သော် သဘာဝဘေးအန္တရာယ်ကျရောက်ပြီး သေဆုံးမှုအများဆုံး ဖြစ်ခဲ့တဲ့ တော်ဝင် သင်္ဘောနစ်မြုပ်မှုပဲ။ ၁၉၈၂ ခုနှစ် မတ်လ ၂၈ နေ့မှာ ရန်ကုန်မှ မြောင်းမြမြို့ကို ထွက်ခွာလာတဲ့ တော်ဝင်သင်္ဘောပေါ်မှာ ခရီးသည်ပေါင်း ၂၁၁ ဦး လိုက်ပါလာခဲ့တယ်။ သင်္ဘောဝန်ထမ်းတွေလည်း ပါတာပေါ့။ မတ်လ မိုးလေကင်းနေပေမယ့် မိုင်တိုင် ၇ အရောက်၊ အမှောင်လည်း ကြီးစိုးစအချိန်မှာပဲ ဆောင့်တိုက်လိုက်တဲ့ လေအားနဲ့ တော်ဝင်သင်္ဘောကြီးလည်း တိမ်းမှောက်သွားခဲ့တယ်။ ညအမှောင်ထဲမှာ လူအချို့ကို ကယ်ဆယ်လို့ ရခဲ့ပေမယ့် သေဆုံးသူ အလောင်း ၁၁၉ လောင်းကို ဆယ်ယူရရှိခဲ့တယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြခဲ့တာ တွေ့ရတယ်။ ဒါဟာ တွံတေးတူးမြောင်းရဲ့သမိုင်းမှာ လူအသေအပျောက် အများဆုံးသော ယာဉ်တိမ်းမှောက်မှုအဖြစ် သတ်မှတ်ရမှာပါ။ အခုတော့ တွံတေးတူးမြောင်ဟာ တူးမြောင်းကောကြီးအဖြစ် မရောက်သေးပေမယ့် အချို့နေရာတွေမှာ တူးမြောင်းဟာ ပိုကျယ်လာနေတာ တွေ့ရသလို မြေပြို ကမ်းပြိုနေတာတွေလည်း ရှိနေတာကို တွေ့လာရတယ်။ မူလက အကျယ်၂၅ ပေသာ ရှိပြီး ၁၈၀ ပေအထိ ထပ်မံတိုးချဲ့ထားပေမယ့် အခုဆိုရင် ပေ ၅၀၀ အထိ ကျယ်လာနေပြီလို့ ဆိုပါတယ်။ ကားလမ်းခရီးတွေ ပေါလာပေမယ့် ကူးသန်းရောင်းဝယ်ဖောက်ကားရေးအတွက်တော့ တွံတေးတူးမြောင်းဟာ ယနေ့အထိတော့ အရေးပါနေဆဲ ဖြစ်တာကြောင့် တူးမြောင်းထိန်းသိမ်းမှုကို အထူးဂရုစိုက် ကြီးကြပ်လုပ်ဆောင်သင့်ကြောင်း  တင်ပြလိုက်ပါတယ်။ ဆရာဌေး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up