တောင်ကြီး ခနောက်စိမ်းသတ္တု သန့်စင်စက်ရုံ အနံ့ဆိုးများကြောင့် ဒေသခံများ အခက်ကြုံ
DVB
·
January 21, 2020
ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ် နမ်းဆီးကျေးရွာအုပ်စု ဘုရားငါးဆူကျေးရွာအနီးရှိ ခနောက်စိမ်းသတ္တု သန့်စင်စက်ရုံက ထွက်ရှိတဲ့ အနံ့ဆိုး၊ အငွေ့၊ မီးခိုးတွေကြောင့် ဒေသခံတွေ အခက်တွေ့နေရပါတယ်။
မနက်အစောပိုင်းနဲ့ ညနေပိုင်းတွေမှာ စက်ရုံမီးခိုးကြောင့် မြူတွေဆိုင်းနေသလိုဖြစ်ပြီး အနံ့ဆိုးရှူမိပါက အော့အန်တာတွေ ဖြစ်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်ရုံကို အရေးယူပေးဖို့ ဒေသခံတွေ အကြိမ်ကြိမ် တိုင်ကြားပေမယ့် ဌာနဆိုင်ရာ ကွင်းဆင်းတဲ့အချိန်သာ စက်ရုံက အနံ့ဆိုးတွေ မထွက်ဘဲ ကျန်တဲ့အချိန်မှာ အနံ့ဆိုးတွေ ပုံမှန်ခံစားနေရတယ်လို့ ပုန်းစိမ်းကျေးရွာဒေသခံ ကိုသန်းစိုးက ပြောပါတယ်။
ဒီလိုဆိုးကျိုးတွေ ခံစားနေရတဲ့အတွက် ဒေသခံတွေက စက်ရုံကို ပိတ်သိမ်းပေးဖို့ လိုလားနေကြတာလို့ နော်လံကျေးရွာ ရွာသူကြီး ဦးမောင်လေးက ပြောပါတယ်။
အဲဒီစက်ရုံပြန်လည်တာနဲ့ပတ်သက်ပြီး စက်ရုံကတာဝန်ရှိသူထံ သွားရောက်မေးမြန်းရာ စက်ရုံ မန်နေဂျာ မရှိဘဲ တာဝန်ခံက “မီးခိုးထွက်တာကမှန်ပါတယ်။ ကျနော်တို့ အထက်ကိုတင်ပြပါ့မယ်၊ အသေးစိတ်ကပြောပိုင်ခွင့်မရှိဘူး” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အဲဒီစက်ရုံက အနံ့ဆိုးကိုရှူမိပါက အာခေါင်ခြောက်ခြင်း၊ မူးဝေခြင်း၊ အသက်ရူမဝခြင်း၊ အော့အန်တာ စတာတွေ ခံစားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
စက်ရုံကြောင့် တောင်ကြီး မြို့နယ်နဲ့ ဟိုပုံးမြို့နယ်ရှိ နောင်လံ၊ ဟံးခြောက်၊ ဘုရားငါးဆူ၊ ပုန်းစိမ်း၊ ညောင်ဖြူရွာနဲ့ လွယ်နောင်ကျေးရွာခြောက်ခုမှာ ကျန်းမာရေး ဆိုးရွားစွာခံစားနေရတာပါ။
အဲဒီစက်ရုံက ငွေကမ္ဘာကျော် သတ္ထု ကုမ္ပဏီက ၂၀၁၂-၂၀၁၃ ကစတင်လုပ်ဆောင်ပြီး ၂၀၁၄ မှ စတင်လည်ပတ်တယ်လို့ သိရပါတယ်။
ခွန်ရာဇာ