Home
မြန်မာသတင်း
ရေး-ရန်ကုန်ရထား ကုန်စည်စီးဆင်းမှု ထက်ဝက်ခန့် ကျဆင်း
DVB
·
January 21, 2020
ရေး-ရန်ကုန်မှ ရထားတိုက်ရိုက်ခရီးစဉ်မှာ ပြီးခဲ့တဲ့နှစ်တွေထက် ဒေသထွက်ကုန်တင်ပို့မှုတွေ တဖြည်းဖြည်းနဲ့ ကျဆင်းလာပြီး ကုန်စည်တင်ပို့ စီးဆင်းမှုက ထက်ဝက်နီးပါးလောက် ကျဆင်းသွားတယ်လို့ ရေးဘူတာမှ အလုပ်သမားခေါင်းဆောင် ဦးတင်ထွန်းက ပြောပါတယ်။ အခု ရေးဒေသ ထွက်ကုန်ဖြစ်တဲ့ ငါးခြောက်၊ ငါး ရေခဲစိမ်သေတ္တာတွေကိုသာ ရေးကနေ ရန်ကုန်ဘက်သို့ ရထားနဲ့ တင်ပို့ရပြီး အရင်လွန်ခဲ့တဲ့ ၅ နှစ်လောက်ကစပြီး ဒီနေ့အထိ ရာဘာ ကွမ်းသီးထွက်ကုန်တော့ ကုန်ကားနဲ့သာ ကုန်သည်တွေ တင်ပို့လာနေကြတယ်လို့ ရေးဘူတာ အလုပ်သမားခေါင်းဆောင် ဦးတင်ထွန်းက ပြောပါတယ်။ “ကုန်သည်တွေက ကုန်ကားနဲ့ကျတော့ နေ့ညမရွေး သယ်ပို့ရတာ အဆင်ပြေကြတယ်။ ရထားနဲ့က အဆင့်ဆင့် ကြန့်ကြာမှုတွေ ရှိတော့ ရထားနဲ့ မတင်ပို့ကြဘဲ ကုန်ကားနဲ့ တင်ပို့လာ ကြတော့ ရေးဘူတာ အလုပ်သမားတွေ အလုပ်ပြတ်လပ်မှုနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်။”   ရန်ကုန်ကနေ ရေးဘက်ကုန်စည်စီးဆင်းမှုက ရထားနဲ့လည်း သိပ်ပြီး မရှိကြသလို လွန်ခဲ့တဲ့ နှစ်တွေက အလုပ်သမား ၁၀၀ လောက်ရှိပြီး အခုလက်ရှိမှာ လုပ်သား ၁၀ ဦးသာ ကျန်ရှိတော့သလို အရင်က တနေ့ လုပ်သားတဦးရဲ့ ဝင်ငွေမှာ ၁၀၀၀၀ ဂဏန်းအထိ ရကြပေမယ့် အခု ၅၀၀၀ လောက်သာရကြပြီး မိသားစု စားဝတ်နေရေး မလုံလောက်ကြဘူးလို့ ရေးဘူတာ အလုပ်သမားတွေက ဆိုပါတယ်။ ရေး-ရန်ကုန် တိုက်ရိုက်ရထားခရီးစဉ်မှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ ရထားချိန် ပြောင်းလဲ သတ်မှတ်လိုက်တဲ့အခါ ခရီးသွားတွေ အနည်းငယ် ကျဆင်းသွားပေမဲ့ ပြီးခဲ့တဲ့နှစ်က ခရီးသွား ၅ သောင်းခန့် ရှိပြီး ရေးဘူတာမှ ရထားဝင်ငွေ ကျပ်သိန်း ၁၂၃၉ သိန်း ရရှိတယ်လို့ ရေးဘူးတာရဲ့ မှတ်တမ်းများအရ သိရပါတယ်။ နေမျိုးထွဋ် 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024