Homeမြန်မာသတင်း
ခိုင်မာသည့်စျေးကွက်ဖြစ်ရေး အကောင်ထည်ဖော်ရန် မော်လမြိုင်ကုန်စည်ဒိုင်များကို ဝန်ကြီးချုပ် တိုက်တွန်း
ခိုင်မာသည့်စျေးကွက်ဖြစ်ရေး အကောင်ထည်ဖော်ရန် မော်လမြိုင်ကုန်စည်ဒိုင်များကို ဝန်ကြီးချုပ် တိုက်တွန်း
DVB
·
January 21, 2020
မော်လမြိုင် ကုန်စည်ဒိုင်အနေနဲ့ အမြတ်အစွန်းကို မကြည့်ဘဲ ခိုင်မာတဲ့ စျေးကွက်ဖြစ်လာအောင် အရင်ဆုံး အကောင်ထည်ဖော်ဆောင်ရွက်သွားဖို့ မွန်ပြည်နယ် ဝန်ကြီးချုပ်က တိုက်တွန်းလိုက်ပါတယ်။
၈ နှစ်ကြာ လုပ်ငန်း ဆောင်ရွက်ခြင်း မရှိဘဲ ရပ်နားထားတဲ့ မော်လမြိုင်ကုန်စည်ဒိုင်ကို ဇန်နဝါရီ ၂၁ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။
ဒီကုန်စည်ဒိုင်ဟာ ဒေသထွက်ကုန်တွေကို စျေးကွက်မြှင့်တင်ရေး အပါအဝင် ဗဟိုစျေးကွက် တခုဖြစ်လာဖို့နဲ့ ဒေသထွက်ကုန်တွေကို ရောင်းသူဝယ်သူ သမာသမတ်ကျအောင် အရောင်းအဝယ်ပြုလုပ်ကြဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ်ခဲ့တာပါ။
ကုန်စည်ဒိုင်ဖွင့်လှစ်ပွဲမှာ မွန်ပြည်နယ် ဝန်ကြီးချုပ်က မော်လမြိုင် ကုန်စည်ဒိုင်အနေနဲ့ အမြတ်အစွန်းကို မကြည့်ဘဲ ခိုင်မာတဲ့ စျေးကွက်ဖြစ်လာအောင် အရင်ဆုံး အကောင်ထည်ဖော် ဆောင်ရွက်သွားဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
မော်လမြိုင် ကုန်စည်ဒိုင်မှာတော့ ဒေသထွက်ကုန်တွေ ဖြစ်တဲ့ ရော်ဘာ၊ ဆန်နဲ့ ပဲမျိုးစုံတွေ စတင် ရောင်းချသွားဖို့ စီစဉ်ထားပြီး ကုန်စည်ဒိုင်အနေနဲ့ အရည်အသွေး မှန်ကန်ရေးတဲ့ ပစ္စည်းတွေကိုသာ အရောင်းအဝယ်လုပ်ကြဖို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်က တိုက်တွန်းပါတယ်။
မော်လမြိုင် ကုန်စည်ဒိုင် စတင်ဖွင့်လှစ်တဲ့ နေ့မှာတော့ ဒေသထွက် ရော်ဘာတွေနဲ့ ဆန်တွေကို မလေးရှာနိုင်ငံက ဝယ်ယူဖို့ MOU လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ မော်လမြိုင် ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးအောင်မျိုးဦးက ပြောပါတယ်။
မော်လမြိုင် ကုန်စည်ဒိုင်မှာတော့ ဒေသထွက် ကုန်ပစ္စည်းတွေကို နေ့စဉ် မနက် ၉ နာရီမှ ၁၂ နာရီအထိ ရောင်းချမှုတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက ဒေသထွက် ပစ္စည်းတွေပါ လာရောက် ရောင်းချနိုင်အောင် ချိတ်ဆက် ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားဖို့ စီစဉ်ထားတာပါ။
ဇော်လွင်ထွဋ်