Home
မြန်မာသတင်း
ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ကော့သောင်းတရားရုံးတွင် ပထမအကြိမ်ရုံးထုတ်
DVB
·
January 21, 2020
တပ်မတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုထားတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်တရားရုံးမှာ ဇန်နဝါရီ ၂၀ ရက်နေ့က ပထမအကြိမ် ရုံးထုတ်စစ်ဆေးခဲ့​ပါတယ်။ အမှုစတင်စစ်ဆေးချိန်မှာ တရားစွဲဆိုသူ စကခ ၂၀ မှ ဒုဗိုလ်မှူးကြီး ဇော်ဇော်မလာဘဲ တခြားဗိုလ်မှူးတယောက်က အစားရောက်ရှိလာတဲ့အတွက် ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၅၉ အရ အမှုကိုပလပ်ပေးဖို့ သူကိုယ်တိုင် တရားရုံးမှာ လျှောက်ထားခဲ့တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးစကြွယ်ဝင်းက ပြောပါတယ်။ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နဲ့ ကဗျာဆရာစောဝေတို့ကို ပြီးခဲ့တဲ့နှစ် ဧပြီ ၃ ရက်နေ့က ကော့သောင်းမြို့မှာပြုလုပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအား ထောက်ခံပွဲမှာ ဟောပြောခဲ့တဲ့အကြောင်းအရာတွေဟာ တပ်မတော်နဲ့ တပ်မတော်အကြီးအကဲတွေရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေတယ်ဆိုပြီး  တပ်မတော်က ပုဒ်မ ၅၀၅ (က)နဲ့ ကော့သောင်းမြို့နယ်တရားရုံးမှာ အောက်တိုဘာ ၁၇ ရက်က တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ မနေ့က ရုံးချိန်းမှာ တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်နဲ့ ကဗျာဆရာစောဝေတို့ ရောက်မလာခဲ့တဲ့အတွက် လာမယ့် ဖေဖော်ဝါရီ ၃ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ မနေ့က ရုံးချိန်းမှာ ကော့သောင်းမြို့က နိုင်ငံရေးအဖွဲ့အစည်းတွေ၊ လူမှုအထောက်အကူပြုအဖွဲ့တွေ၊ ရဟိတအဖွဲ့တွေက စုစုပေါင်း လူ ၁၀၀ ကျော်လောက် လာရောက်ဝန်းရံခဲ့ကြပါတယ်။ “ကိုနေမျိုးဇင်က အမှန်တရားကိုဖော်ထုတ်တယ်၊ အမှန်တရားဘက် ရပ်တည်တယ်၊ ဒါကြောင့် အမှန်တရားဘက်က ရပ်တည်တဲ့ ပြည်သူတယောက်အနေနဲ့ကို နေမျိုးဇင်ကို လာပြီး ဝန်းရံတာ” လို့ လာရောက်ဝန်းရံခဲ့တဲ့ သီရီမြိုင်ရပ်ကွက်နေ ကိုနွယ်ထွန်းက ပြောပါတယ်။ လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024