DVB Logo
Home
မြန်မာသတင်း
အပစ်ခတ်ရပ်​ရေး​ ရှမ်း​ပြည်တပ်မ​တော်နှင့်​ ရမခတိုင်း​မှူး​ ​တွေ့​ဆုံခဲ့​ပေမယ့်​ တိုက်ပွဲပြန်ဖြစ်
DVB
·
February 22, 2013
Donate to DVB

ဖေ​ဖော်ဝါရီ ၁၉ ရက်​နေ့​ကစပြီး​ တိုက်ပွဲ ၂ ရက် ဆက်ဖြစ်ခဲ့​တဲ့​အ​ပေါ်မှာ ရှမ်း​ပြည် တပ်မ​တော်​မြောက်ပိုင်း​က ကိုယ်စား​လှယ်​တွေနဲ့​ အ​ရှေ့​မြောက်ပိုင်း​တိုင်း​ စစ်ဌာနချုပ်တိုင်း​မှူး​တို့​ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ပေမယ့်​လည်း​ ဒီ​နေ့​မနက်​စော​စောမှာ ပစ်ခတ်မှု​တွေ ပြန်ဖြစ်ခဲ့​ပါတယ်။

ရှမ်း​ပြည်နယ်​မြောက်ပိုင်း​ တန့်​ယန်း​မြို့​နယ် မိုင်း​ကောဝ်​ဒေသ လွိုင်လန်း​တောင်နား​မှာ ခလရ ၃၂၂ အစိုး​ရတပ် အင်အား​ ၁၆၀ ​လောက် ဝင်​ရောက်လှုပ်ရှား​နေပြီး​ ပြီး​ခဲ့​တဲ့​ ၁၉ ၊​ ၂၀ နဲ့​ ၂၂ ရက်​နေ့​တွေမှာ ရှမ်း​ပြည်တပ်မ​တော်​မြောက်ပိုင်း​အဖွဲ့​နဲ့​ ပစ်ခတ်မှု​တွေ ဖြစ်ပွား​ခဲ့​ပါတယ်။

ပစ်ခတ်မှုဖြစ်တာနဲ့​ ရှမ်း​ပြည်တပ်မ​တော် ​မြောက်ပိုင်း​က ​ဖေ​ဖော်ဝါရီလ ၂၀ ရက်​နေ့​မှာ သမ္မတဆီကို လိပ်မူပြီး​စာတ​စောင် ​ပေး​ပို့​ခဲ့​သလို ဗိုလ်ကြီး​ စိုင်း​နော်လိတ်နဲ့​ ဆက်ဆံ​ရေး​တာဝန်ခံ ဗိုလ်ကြီး​အောင်လှတို့​ ၂ ဦး​ဟာ အ​ရှေ့​မြောက်ပိုင်း​တိုင်း​စစ်ဌာနချုပ် တိုင်း​မှူး​နဲ့​ သွား​တွေ့​ခဲ့​ပါတယ်။

ဒါ​ပေမယ့်​ ၂၁ ရက်​နေ့​ ညပိုင်း​မှာ အစိုး​ရတပ် စစ်ဦး​စီး​မှူး​ ပထမတန်း​ ဗိုလ်မှူး​ကြီး​ ဝင်း​သိန်း​က သူတို့​ကို ဖယ်​ပေး​ဖို့​ ဆက်ဆံ​ရေး​အရာရှိက​နေ တဆင့်​ပြောဆိုခဲ့​ပြီး​ ရှမ်း​တပ်ကလည်း​ ဖယ်မ​ပေး​နိုင်တဲ့​အတွက် ပစ်ခတ်မှု​တွေ ပြန်ဖြစ်တာလို့​ ရှမ်း​ပြည်တပ်မ​တော် ​မြောက်ပိုင်း​က ​ပြောခွင့်​ရ ဗိုလ်မှူး​ စိုင်း​လက ​ပြောပါတယ်။

“သမ္မတဆီ တရား​ဝင် စာတင်ပြီး​ စစ်​ရေး​နည်း​နဲ့​မ​ဖြေရှင်း​ဖို့​ တင်ထား​တယ်။ သမ္မတကလည်း​ အမိန့်​ထုတ်ထား​တယ် ​ပြောတယ်။ အခုက တပ်ကပြန်ဖြစ်တယ်ဆို​တော့​ တပ်ကသမ္မတအမိန့်​ကို မနာခံတဲ့​သ​ဘော သက်​ရောက်​နေတယ်။ တိုင်း​မှူး​ကလည်း​ ဆက်မဖြစ်ဖို့​ သူ့​တပ်ကို ထိန်း​သိမ်း​တယ်လို့​တော့​ ​ပြောတယ်။ ဒါ​ပေမယ့်​ မ​နေ့​က လား​ရှိုး​က ဆက်ဆံ​ရေး​တာဝန်ခံကို​ခေါ်​ပြောတယ်။ ကျ​နော်တို့​တပ်​တွေကို ဖယ်​ပေး​ရင် ဖယ်​ပေး​ မဖယ်​ပေး​ရင် တိုက်မယ်တဲ့​။ တကယ်လည်း​ တိုက်တာပဲ​လေ။ ဒီ​နေ့​လည်း​ ၆ နာရီခွဲက စပြန်ဖြစ်တယ်။ ကျ​နော်တို့​ရှိတဲ့​နေရာကို တိုက်တာ။ ”

ဒီ​နေ့​ မနက် ဖြစ်ပွား​တဲ့​ပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရမှု အ​သေး​စိတ် မသိရ​သေး​ဘူး​လို့​ ဆိုပါတယ်။

အခု ပစ်ခတ်မှု​တွေ ဖြစ်ပွား​တဲ့​နေရာဟာ ရှမ်း​ပြည်တပ်မ​တော်​မြောက်ပိုင်း​အဖွဲ့​က သူတို့​ တပ်မိသား​စု​တွေအတွက် စံပြရွာကြီး​တရွာ တည်​ဆောက်ဖို့​ လုပ်​နေတဲ့​နေရာနဲ့​ ၆ မိုင်အကွာမှာ ရှိတယ်လို့​ ​ပြောပါတယ်။

အဲဒီရွာ​ဆောက်ဖို့​ အစိုး​ရနဲ့​ သ​ဘောတူထား​ပြီး​ဖြစ်သလို ​ကျေး​ရွာ​ရေရရှိ​ရေး​၊​ ရာဘာပင်နဲ့​ ​နွေစပါး​ စိုက်ပျိုး​ရေး​တွေ စတင်​နေတဲ့​အတွက် ခုလိုပစ်ခတ်မှု​ကြောင့်​ ဖွံ့​ဖြိုး​ရေး​လုပ်ငန်း​ကိုလည်း​ အ​နှောင့်​အယှက် ဖြစ်တယ်လို့​ အက်စ်အက်စ်​အေက ​ပြောပါတယ်။

တိုက်ပွဲ​တွေ ပြန်ဖြစ်ပွား​နေတဲ့​အချိန်ဟာ အစိုး​ရငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်​ရေး​ကော်မတီနဲ့​ ညီညွတ်​သောတိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီ (ယူအန်အက်ဖ်စီ) တို့​ ထိုင်း​နိုင်ငံမှာ ​တွေ့​ဆုံ​ဆွေး​နွေး​နေတဲ့​အချိန်နဲ့​ တိုက်ဆိုင်​နေပါတယ်။

ဒီကိစ္စနဲ့​ ပတ်သက်ပြီး​ ​ဆွေး​နွေး​ပွဲတက်ခဲ့​သူ ရှမ်း​ပြည်တပ်မ​တော်​မြောက်ပိုင်း​ ကိုယ်စား​လှယ် ဗိုလ်မှူး​ကြီး​စဝ်ပိုင်ဖက ယူအန်အက်ဖ်စီ ​ဆွေး​နွေး​ပွဲမှာ နိုင်ငံ​ရေး​ကိစ္စသာ ​ဆွေး​နွေး​ကြတဲ့​အတွက် တိုက်ပွဲကိစ္စ တင်ပြဖို့​ အချိန်မရခဲ့​ဘူး​လို့​ ​ပြောပါတယ်။

နယ်ခြား​စောင့်​တပ် အသွင်​ပြောင်း​ဖို့​ ငြင်း​ပယ်ခဲ့​တဲ့​ ရှမ်း​ပြည်တပ်မ​တော်​မြောက်ပိုင်း​အဖွဲ့​ ဟာ ၂၀၁၀ ခုနှစ်က အစိုး​ရတပ်နဲ့​ တိုက်ပွဲ​တွေ အပြင်း​အထန်ဖြစ်ပွား​ခဲ့​ပြီး​ သမ္မတ ဦးသိန်းစိန်ရဲ့​ ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်​ရေး​လုပ်ငန်း​စဉ်​ကြောင့်​ ၂၀၁၁ ခုနှစ်ထဲမှာ အပစ်အခတ်ရပ် လက်မှတ်​ရေး​ထိုး​ကာ ပြည်နယ်အဆင့်​နဲ့​ ပြည်​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲ​တွေ ပြုလုပ်ခဲ့​ပါတယ်။ ဒါ​ပေမယ့်​လည်း​ ပစ်ခတ်မှု​တွေ အနည်း​ဆုံး​ ၈၀ ​လောက် ပြန်ဖြစ်ခဲ့​တယ်လို့​ အက်စ်အက်စ်​အေ​မြောက်ပိုင်း​က ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013