ဘူးသီးတောင်တွင် အသက် ၇ နှစ်အရွယ် ကျောင်းသူတဦး ကျည်ထိမှန်ဒဏ်ရာရ
DVB
·
January 20, 2020
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စံဂိုးထောင် အုပ်စု၊ ဆင်သေပြင်ကျေးရွာမှာ အသက် ၇ နှစ်အရွယ် ကျောင်းသူတဦး ဒီနေ့ မနက် ၄ နာရီလောက် အိမ်အတွင်းအိပ်နေစဉ် ကျည်ဆန်ထိမှန်ပြီး ဘူးသီးတောင်ဆေးရုံမှာ ဆေးကုသခံယူနေရတယ်လို့ ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။
ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက "မနက် ၄ နာရီလောက်မှာ သုံးဆယ်တဘုံဘက်က ပစ်ခတ်တာတွေ လုပ်တယ်လို့ သိရတယ်။ အဲ့ဒီအချိန်မှာ နေအိမ်မှာအိပ်နေတဲ့ ၇ နှစ်အရွယ် မိန်းကလေး ခြေထောက် ကျည်ထိမှန်ပြီး ပေါက်ထွက်သွားတယ်။ အခုဆေးရုံမှာ ဆေးကုသမူခံယူနေရတယ်" လို့ ဆိုပါတယ်။
ဒဏ်ရာရရှိတဲ့ ကျောင်းသူမှာ မဇိုင်နူကာ ၇ နှစ် (ဘ) မာမတ်ရော်ဖိလ်ဖြစ်ကြောင်း သိရပါတယ်။
"ဘယ်သူ ပစ်တယ်ဆိုတာတော မသိဘူး။ သုံးဆယ်တဘုံဘက်မှာတော စစ်တပ်က စခန်းချ ထားတယ်။ မနက် ၄ နာရီလောက်မှာ အဲ့ဒီဘက်က ပစ်ခတ်တာတွေလုပ်ပြီးတဲ့အချိန်မှာ ကျနော့် သမီးငယ် ခြေထောက်မှာ ကျည်ဖောက်ဝင်သွားတာဖြစ်တယ်" လို့ မဇိုင်နူကာရဲ့ ဖခင် မာမတ်ရော်ဖိလ်က ဒီဗွီဘီကို ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးထံ ဖုန်းဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
တပ်မတော်နဲ့ အေအေတို့ ဘူသီးတောင်မြို့နယ်အတွင်း တိုက်ပွဲတွေအတွင်း ဆင်သေပြင် ကျေးရွာမှာ ဧပြီ ၂၁ ရက်နေ့က ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး ဝမ်းဗိုက်ကို ကျည်ထိမှန်ပြီး ဘူးသီးတောင်ဆေးရုံမှာ ဆေးကုသမှုခံယူနေရာမှ ကလေးငယ်သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ၂၀၁၉ ဇူလိုင် ၂၂ ရက်နေ့နဲ့ ဇူလိုင်လ ၂၈ ရက်နေ့တွေမှာလည်း မွတ်ဆလင် လူငယ်နှစ်ဦး လက်နက်ကြီး ကျည်ထိမှန်ကာ ဒဏ်ရာရရှိခဲ့တဲ့အပြင် ဇူလိုင် ၃၀ ရက်နေ့က အသက် ၆၅ နှစ်အရွယ် အဘွားအိုတဦး လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့ပါတယ်။