Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ရေး ဥပဒေကြမ်း ၂ ခုတင်ရန် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းလက်မှတ်များ ကောက်ခံ
နေဖြိုးဝင်း
·
January 20, 2020
ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်း ၂ ခုတင်ဖို့ လိုအပ်နေတဲ့ ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းရဲ့ လက်မှတ်တွေကို ဒီနေ့ စတင်ကောက်ခံခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူး ပေါင်းကော်မတီအနေနဲ့ ပါတီအသီးသီးက ပြင်ဆင်ဖို့ တင်သွင်းထားတဲ့ အချက်ပေါင်း ၃၇၆၅ ချက်အား ဆွေးနွေးဆုံးဖြတ်ထားတဲ့အချက်တွေကို ဒီကနေ့ကော်မတီအစည်းအဝေးမှာ တက်ရောက်ခဲ့တဲ့ ကော်မတီဝင်တွေ အားလုံး အပြီးသတ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဥပဒေကြမ်း လွှတ်တော်တင်ဖို့လိုအပ်တဲ့ ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းရဲ့ လက်မှတ်တွေကိုလည်း ဒီကနေ့ပဲ စတင်ကောက်ခံခဲ့တယ်လို့ ကော်မတီအတွင်းရေးမှူးက ပြောပါတယ်။ ၂၀ ရာခိုင်နှုန်းလက်မှတ်ကောက်ခံတာကို လာမယ့် ၂၃ ရက်နေ့မှာ ကိုယ်စားလှယ်တွေ နေထိုင်ကြတဲ့ စည်ပင်ဧည့်ရိပ်သာ ဝန်းထဲမှာ ပြုလုပ်သွားမှာပြီး အဲဒီနေ့မှာပဲ လွှတ်တော်နာယကထံ ပေးပို့သွားမယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောပါတယ်။ “ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌကနေစပြီး ဒီနေ့တက်ရောက်တဲ့ ကော်မတီဝင်တွေ အားလုံး စပြီးတော့ ၂၀ ရာခိုင်နှုန်းလက်မှတ်ရေးပါပြီ။ ၂၃ ရက်နေ့မှာ လက်မှတ်တွေ စုစည်းမယ်၊ အဲနေ့မှာပဲ ၂၀ ရာခိုင်နှုန်းထက်ကျော်လွန်သွားပြီ ဆိုရင်တော့ ညနေပိုင်းမှာပဲ ပြည်ထောင်စုလွှတ်တော်ရုံးကနေ တဆင့် လွှတ်တော်နာယကဆီ ပေးပို့သွားမှာဖြစ်ပါတယ်။ ဒီနေ့ အယောက် ၃၀ နီးနီးရပါတယ်။ ၂၀ ရာခိုင်နှုန်းအတွက်ဆိုရင်တော့ ၁၄၄၊ ၁၄၅ ဦး လောက်လိုတာပေါ့လေ။ ဒါကလည်း အနည်းဆုံး ၂၀ ရာခိုင်နှုန်းဖြစ်တဲ့အတွက်ကြောင့် ဒီပုံစံအတိုင်းဆိုရင် ၂၀ ရာခိုင်နှုန်းထက်ကို ကျော်လွန်မှာပါ။ ၂၃ ရက်နေ့မှာ လာပြီးတော့ လက်မှတ်ရေးထိုးနိုင်သမျှကိုတော့ ၂၀ ရာခိုင်နှုန်းပြည့်သွားပြီ ပြည့်သွားတဲ့ အတွက် ကျန်တဲ့သူတွေ ထိုးစရာမလိုတော့ဘူး လို့ မဟုတ်ပါဘူး။ ထိုးနိုင်သလောက်ကိုတော့ လက်မှတ်တွေ ရယူစုစည်းသွားမှာဖြစ်ပါတယ်”လို့ ပြောပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းမှာ အရေးကြီးတာက ညီညွတ်ဖို့ဖြစ်ပြီး တယောက်နဲ့ တယောက် အသွင်မတူ အမြင်မတူတဲ့အတွက် ကွဲပြားမှုတွေ များနေရင် ဖွဲ့စည်းပုံပြင်ဖို့ ပိုဝေးနေဦးမှာဖြစ်သလို ၇၅ ရာခိုင်နှုန်းမကျော်ရင်တော့ ဘာမှလုပ်လို‌ရေမှာမဟုတ်ဘူးလို့လည်း ဒေါက်တာမြတ်ဉာဏစိုးက ဆိုပါတယ်။ “မကျော်ရင်တော့ ဘယ်လိုမှ လုပ်လို့မရဘူး။ ဒါက ပြဋ္ဌာန်းချက်ဖြစ်နေတာကို။ ၇၅ ရာခိုင်နှုန်းကျော်မှ ပြင်လို့ရမယ်ဆိုတာ ပြဋ္ဌာန်းချက်ပဲ။ မကျော်ရင် ဘယ်လိုလုပ်မလည်းဆို မကျော်ရင် ဘယ်လိုမှ လုပ်လို့မရဘူး။ အဲတော့ ကျွန်တော်တို့ လုပ်ဖို့ရာ က ၇၅ ရာခိုင်နှုန်းကျော်ဖို့ပဲ။ ၇၅ ရာခိုင်နှုန်းကျော်ဖို့ရာ ဘယ်လို လုပ်ရမလည်း အားလုံးညီညွတ်မှရမယ်။ ညီညီညွတ်ညွတ်နဲ့ လုပ်နိုင်ရင်တော့ ပြည်သူ့လိုလားချက်ကို အစစ်အမှန် ဖြည့်စည်းပေးနိုင်လိမ့်မယ်။ မဟုတ်ဘဲနဲ့ တကွဲတပြားစီ သွားနေမယ်ဆိုရင်တော့ ပြည်သူ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ပါဘူး။” ဒီကနေ့ အစည်းအဝေးမှာလည်း တပ်မတော်သားကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ခြင်း မရှိပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024