သီရီလင်္ကာ ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံကလာသူများ အိမ်မပြန်လို
DVB
·
February 22, 2013
သီရီလင်္ကာ လူဝင်မှုကြီးကြပ် ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံက လာတဲ့ လူ ၈၅ ဦးဟာ နေရပ်ကို မပြန်ချင်ဘူးလို့ ဆိုပါတယ်။
ပင်လယ်ပြင်ကနေ ကယ်ဆယ်ထားတဲ့ မြန်မာနိုင်ငံက လာတဲ့ လှေစီးဒုက္ခသည် ၈၅ ဦးဟာ သီရီလင်္ကာ လူဝင်မှုကြီးကြပ်ရေး မီရီဟာနာ (Mirihana) ထိန်းသိမ်းရေး စခန်းမှာ ထိန်းသိမ်းခံထားရပြီးတော့ သူတို့ဟာ နေရပ်ကို မပြန်လိုတဲ့အကြောင်း သီရီလင်္ကာ လူဝင်မှုကြီးကြပ်ရေးဌာနက လက်ထောက် ထိန်းသိမ်းရေးမှူးက ဒီဗွီဘီကို ပြောပါတယ်။
[caption id="attachment_36745" align="alignleft" width="150" caption="ဖေဖော်ဝါရီ ၁၆ ရက်နေ့က သီရိလင်္ကာရေတပ်က ကယ်ဆယ်ခဲ့"]
[/caption]
ဘာကြောင့်မပြန်ချင်သလဲဆိုတဲ့အကြောင်းအရင်းကိုတော့ မသိရဘူးလို့ သူက ရှင်းပြပါတယ်။
“စုစုပေါင်း ၈၅ ယောက်ပါ။ လက်ရှိမှာတော့ မြန်မာ သံရုံးက သူတို့ကို မေးမြန်းဖို့ သွားနေပါတယ်။ သူတို့ကတော့ နေရပ်ကို မပြန်ချင်ဘူးလို့ ပြောပါတယ်။”
ရှေ့ဘာလုပ်ရမလဲဆိုတာ မသိရသေးပေမယ့် ဒီလို ကယ်ဆယ်ခံရပြီး ရောက်လာတဲ့သူတွေကိုတော့ မူရင်းဒေသကို ပြန်ပို့ရတဲ့ ထုံးစံရှိတယ်လို့ ဆိုပါတယ်။
သီရီလင်္ကာနိုင်ငံ ကိုလံဘိုအခြေစိုက် မြန်မာသံရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ တာဝန်ယူ ဖြေကြားမယ့်သူ အပြင်ကိုသွားနေတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့က သိရီလင်္ကာရေတပ်က လှေစီးဒုက္ခသည် ၃၂ ဦးကို ကယ်တင်ခဲ့ တာဖြစ်ပြီး အရင် ဖေဖော်ဝါရီ ၂ ရက်ကလည်း ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကလာတဲ့ ၁၃၈ ဦးကို ကယ်တင်ခဲ့ပါတယ်။ ကယ်တင်ထားတဲ့သူတွေထဲမှာ မြန်မာနိုင်ငံကလာတဲ့ လူ ၈၅ ဦးရှိတယ်လို့ လည်းဆိုတယ်။
သူတို့တွေက အင်ဒိုနီးရှားနဲ့ ဩစတြေးလျမှာ ခိုလှုံခွင့် ရှာဖွေ့ဖို့ သွားရောက်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
