ပုဂံ ရွှေစည်းဂုံစေတီတော် ပုံစံတူ စေတီတဆူ မန္တလေးမြို့တွင် တည်ထား
DVB
·
January 19, 2020
ပုဂံ ရွှေစည်းဂုံစေတီတော်နဲ့ ပုံစံတူ စေတီတဆူကို မန္တလေးမြို့ ဣန္ဒြိယာမရွှေကူပရိယတ္တိစာသင်တိုက်အတွင်းမှာ တည်ထားတယ်လို့ သိရပါတယ်။
ဒီစေတီတော်ကို ၆ လကျော်ကြာ တည်ခဲ့ရတာဖြစ်ပြီး ဉာဏ်တော်အမြင့် ၂၇ ပေ ရှိတယ်လို့ သိရပါတယ်။ စေတီတော်ရဲ့ စင်္ကြန်ပတ်ပတ်လည်ဟာ ပေ ၁၁၀ ရှိပြီး စင်္ကြန်ရဲ့အောက်မှာတော့ ပေ ၆၀ ပတ်လည်ရှိ ဂန္ဓကုဋီတိုက်ကို ထည့်သွင်းတည်ဆောက်ထားတယ်လို့ သိရပါတယ်။
စေတီတော်ကို ကျပ်သိန်း ၄ ထောင်လောက် ကုန်ကျခံ တည်ဆောက်ထားတယ်လို့ သိရပါတယ်။
စေတီတော်ရဲ့ ဒကာဖြစ်တဲ့ ဦးစန်းဝင်းမြင့်က “ဒီနေရာကို ဘုရားတည်ချင်တယ်လို့ လွန်ခဲ့တဲ့ ၁ နှစ်ခွဲလောက်ကတည်းက လျှောက်ထားခဲ့ပြီး အခုမှ အကောင်အထည်ဖော်ဖြစ်တာပါ။ ဒီထဲမှာ တရားအားထုတ်ဖို့ အဲကွန်းတွေလည်းတပ်ပေးထားတယ်"လို့ ပြောပါတယ်။
ဂန္ဓကုဋီတိုက်အတွင်းမှာ ပေ ၃၀ အရွယ် ပန်းချီကားတွေကိုလည်း ရေးဆွဲထားတယ်လို့ သိရပါတယ်။ စေတီတော်ကိုတော့ ၆၂ လမ်း ၂၁×၂၂ လမ်းမှာရှိတဲ့ ဣန္ဒြိယာမ ရွှေကူပရိယတ္တိစာသင်တိုက်မှာ တည်ထားတာဖြစ်ပြီး မန္တလေးမြို့မှာ ပထမဆုံး ပုဂံရွှေစည်းခုံ ပုံစံတူစေတီတော်ဖြစ်တယ်လို့ သိရပါတယ်။
စေတီတော်ရဲ့ ရွှေထီးတော် တင်လှူပူဇော်ခြင်းနဲ့ ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားကိုတော့ ဇန်နဝါရီ ၁၈ ရက်နေ့က ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ထိန်ထိန်လင်း
