တရားမဝင် သစ်တင်ယာဉ်ကို ရွှေသောင်ယံ ဒေသခံနှင့်တာဝန်ရှိသူများ ပူးပေါင်းဖမ်းဆီး
DVB
·
January 19, 2020
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့မှာ ဇန်နဝါရီလ ၁၈ ရက်နေ့ညက တရားမဝင်သစ်များ တင်ဆောင်လာတဲ့ ယာဉ် ၁ စီးကို ဒေသခံပြည်သူတွေနဲ့ တာဝန်ရှိသူတွေ ပူးပေါင်းပြီး ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ရွှေသောင်ယံရဲစခန်းရှေ့က ဖြတ်သန်းမောင်းနှင်လာတဲ့ နံပါတ်ပြား တပ်ဆင်မထားတဲ့ သစ်တင်ယာဉ်ကို ရဲစခန်းက မဖမ်းဆီးတာကြောင့် ဒေသခံတွေက အထွေထွေအုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတွေကို သတင်းပေးပို့ပြီး အတူပူးပေါင်းဖမ်းဆီးခဲ့တာလို့ ရွှေသောင်ယံမြို့ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက ဒီဗွီဘီကိုပြောပါတယ်။
“ရဲစခန်းက ဖမ်းမယ်ထင်နေတာ၊ မဖမ်းတော့ ကျနော်တို့ အဖွဲ့က ဖမ်းလိုက်တာပါ။ ဒေသခံတွေ သတင်းပေးတာ၊ မြို့ခံတွေကလည်း ပြောနေတာရှိတယ်၊ ကျနော်တို့ အုပ်ချုပ်ရေးအဖွဲ့က လိုင်းကြေးယူနေတယ်လို့ ထင်နေတာ၊ အုပ်ချုပ်ရေးအဖွဲ့တွေ နာမည်ပျက်ရပါတယ်။”
တရားမဝင် သစ်တွေ တင်ဆောင်လာတဲ့ယာဉ်မောင်း ကျော်မင်းဦးနဲ့ ယာဉ်နောက်လိုက် ၂ ဦးကို ရဲတပ်ဖွဲ့က စစ်ဆေးမှုတွေ ပြုလုပ်နေပြီး သစ်တောဦးစီးဌာနကိုလည်း အမှုဖွင့် တိုင်ကြားဖို့အတွက် အကြောင်းကြားတာတွေ ညတွင်းချင်း ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။
ဖမ်းမိခဲ့တဲ့ သစ်တွေရဲ့ တန်ချိန်နဲ့ တန်ဖိုး ဇန်နဝါရီလ ၁၉ ရက်နေ့ နေ့လည် ၁ နာရီအချိန်ထိ တာဝန်ရှိတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ လာရောက်စစ်ဆေးတာမရှိသေးလို့ အတိအကျ မသိရသေးဘူးလို့ ရွှေသောင်ယံမြို့အုပ်ချုပ်ရေးမှူး ဦးဆိုင်းနောင်နောင်က ပြောပါတယ်။
ရွှေသောင်ယံမြို့ ရခိုင်ရိုးမအအတွင်းရှိ သစ်ပင်တွေကို တရားမဝင် ခုတ်လှဲပြီး ကားနဲ့ တင်ဆောင်ကာ မြို့ကို ဖြတ်သန်းသွားလာနိုင်ဖို့အတွက် ဖောက်လုပ်ထားတဲ့ တရားမဝင် သစ်ကားလမ်း နှစ်လမ်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းထက်မုန်း(ပုသိမ်)