မင်းပြားတွင် စစ်ကျန်လက်နက်ကြီး ပေါက်ကွဲသဖြင့် ၈ ဦး ဒဏ်ရာရ
ဝဏ္ဏခွာညို
·
January 19, 2020
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရွှေကျင်ကျေးရွာရဲ့ ၆ ဖာလုံအကွာမှာ ဇန်နဝါရီ ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်က စစ်ကျန်လက်နက်ကြီးကျည်ကို ကိုင်ကြည့်ရာမှ ပေါက်ကွဲခဲ့တာကြောင့် မိသားစုဝင် ၈ ယောက် ဒဏ်ရရှိခဲ့တယ်လို့ ရွှေကျန်ကျေးရွာအုပ်ချုပ်ရေးမှူးက ဒီဗွီဘီကို ပြောပါတယ်။
"အမျိုးသမီး ၅ ယောက်နဲ့ အမျိုးသား ၃ ယောက်၊ အဲဒီအထဲမှာ စိုးရိမ်ရတာ ၃ ယောက်ပါတယ်။ အကုန်ထိခိုက် ဒဏ်ရာရတာက ၈ ယောက်ပါ။ သူတို့ မိသားစုဝင်တွေ ၈ ယောက်က တောကို ထင်းခွေဖို့သွားတာ၊ အဲဒီမှာ စစ်ကျန်လက်နက်ကြီး ပေါက်ကွဲမှုဖြစ်တာ။”
ရွှေကျင်ကျေးရွာနားမှာ တပ်မတော်က မကြာသေခင်လပိုင်းတွေမှာ တပ်စွဲနေထိုင်ခဲ့တာရှိပြီး ကျေးရွာအနားတွေ တိုက်ပွဲမဖြစ်တာ ၄ လနီးပါးရှိနေပြီလို့ ကျေးရွာသားတွေက ပြောဆိုပါတယ်။
မင်းပြား လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “ထိခိုက်ဒဏ်ရာရတဲ့အထဲမှာ ပြင်းထန်သူတွေ ပါတယ်။ အခု သူတို့ကို ပန်းမြောင်းဆေးရုံကို သွားတယ်။ ပြီးတော့ အခြေအနေ စိုးရိမ်ရတဲ့သူတွေကိုတာ့ မြောက်ဦးဆေးရုံကို ပို့ရမယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲဖြစ်ပွားနေတာ တနှစ်ကျော်လာပြီ ဖြစ်ပါတယ်။ မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံးတာ ၂၁ ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၆၂ ဦးရှိပြီလို့ သိရပါတယ်။
မြေမြှုပ်မိုင်း အပါအဝင် တိုက်ပွဲအတွင်းမှာ သေဆုံးတာနဲ့ လက်နက်ကြီးကျည်ကျလို့ သေဆုံးတာ ၁၀၅ ဦးရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူက ၃၄၁ ဦး ရှိပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) စာရင်းအရ သိရပါတယ်။