Home
မြန်မာသတင်း
တနင်္သာရီတိုင်းတွင် ဟိုတယ်လိုင်စင်ဖြင့် ခရီးလှည့်လည်ရေးလုပ်ငန်း မလုပ်ရန် အသိပေး
DVB
·
January 17, 2020
တနင်္သာရီတိုင်းအတွင်း ဟိုတယ်လုပ်ငန်းရှင်တွေအနေနဲ့ ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်မရှိဘဲ ခရီးစဉ်တွေစီစဉ်ရောင်းချတာမလုပ်ဖို့ တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နဲ့ ခရီးသွားညွန်ကြားမှုဦးစီးဌာနက အသိပေးထားပါတယ်။ မြိတ်/ကော့သောင်း ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှု ဦးစီးဌာနရုံးခွဲ တာ၀န်ခံတွေနဲ့ ထား၀ယ်/မြိတ်ခရီးသွားလုပ်ငန်းရှင်များအသင်းတို့ထံကို ဇန်နဝါရီ ၉ ရက်မှာ စာနဲ့ ပေးပို့ အသိပေးလိုက်တာပါ။ ခရီးသွားလုပ်ငန်း စနစ်တကျဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ မလိုလားအပ်တဲ့ပြဿနာတွေ မဖြစ်ပေါ်စေဖို့ အသိပေးထားတာဖြစ်တယ်လို့ တနင်္သာရီတိုင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညိုအေးက ပြောပါတယ်။ “ဟိုတယ်လုပ်ငန်းလိုင်စင်ယူထားပြီး ခရီးလှည့်လည်ရေးလုပ်ငန်းလုပ်ခွင့်မရှိဘူး။ လုပ်မယ် ဆိုရင် ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင် ထပ်လျှောက်ရမယ်” ဟိုတယ်လုပ်ငန်းလုပ်ကိုင်သူဟာ မိမိဟိုတယ်မှာ လာရောက်တည်းခိုသူတွေက ခရီးစဉ်သွားချင်ရင် သက်ဆိုင်ရာဒေသမှာရှိတဲ့ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်ရှိတဲ့ သက်တမ်းရှိတဲ့ရုံး၊ ရုံးခွဲတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရမယ်လို့ သိရပါတယ်။ ထား၀ယ်ဒေသမှာ ဟိုတယ်တွေက ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ကိုင်နေတာ နည်းပြီး မြိတ်ဒေသမှာတော့ လုပ်ဆောင်နေတာ အနည်းငယ်ရှိတယ်လို့ ညွန်ကြားရေးမှူး ဦးညိုအေးက ပြောပါတယ်။ “ဧည့်လမ်းညွှန်က ဟိုတယ်စီစဉ်ပေးတာ၊ ကားငှားပေးတာ၊ ခရီးစဉ်ရောင်းတာနဲ့ ခရီးစီစဉ်ပေးပြီး ထီးခီးမှကား  ငါးစီးနဲ့ ၀င်လာတာကို ခရီးလှည့်လည်ရေးကုမ္ပဏီကမသိဘူး။ ဟို တယ်/ခရီးနဲ့ သက်ဆိုင်ရာအဖွဲ့အစည်း တာ၀န်ရှိသူတွေ သွားရောက်စစ်ဆေးချိန်မှာ  ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်မရှိဘဲ ပြုလုပ်တဲ့အတွက် စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူထားတာနဲ့ သတိပေးတာပြုလုပ်တယ်။ ခရီးသွားလုပ်ငန်းကော်မတီမှာတင်ပြ ဆုံးဖြတ်ချက်နဲ့ အရေးယူဆောင် ရွက်သွားဖို့ ရှိတယ်” လို့ ဦးညိုအေးက ပြောပါတယ်။ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဥပဒေအရ လိုင်စင်မရှိဘဲ့ လုပ်ငန်းလုပ်ကိုင်ရင် ပြစ်ဒဏ် အမြင့်ဆုံးထောင်ဒဏ် တနှစ်  (သို့) အမြင့်ဆုံး ငွေဒဏ် ကျပ်သိန်း ၂၀၀ (သို့) ဒဏ်နှစ်ရပ်စလုံး ပြစ်ဒဏ်ချမှတ်ခံရမှာဖြစ်ပါတယ်။ တိုင်းအတွင်း ခရီးလှည့်လည်ရေးကုမ္ပဏီတွေအဖြစ် ထား၀ယ်ခရိုင်မှာ ၄၁ ခု၊ မြိတ်ခရိုင်မှာ ၃၂ ခုနဲ့ ကော့သောင်းခရိုင်မှာ ၃၅ ခု စုစုပေါင်း ၁၀၈ ခုရှိပြီး ဟိုတယ်လုပ်ငန်း လိုင်စင်ကတော့  ထား၀ယ်ခရိုင်မှာ ၁၆ခု ၊ မြိတ်ခရိုင်မှာ ၁၇ ခုနဲ့ ကော့သောင်းခရိုင်မှာ ၁၀ ခု စုစုပေါင်း ၄၃ ခုရှိတယ်လို့ သိရပါတယ်။ ကောသောင်းခရိုင်မှာ အခုလကုန်  ဟိုတယ်လုပ်ငန်း ၂ ခုကို လုပ်ငန်းလိုင်စင် ထပ်မံထုတ်ပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ သတင်း-တင့်လွင် (အထက်ဖော်ပြပါသတင်းတွင် Dawei Beauty ဟိုတယ် ဓာတ်ပုံအား သုံးခဲ့မိသည့်အတွက် Dawei Beauty ကုမ္ပဏီကို တောင်းပန်ပါသည်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024