DVB Logo
Home
မြန်မာသတင်း
မြန်မာကလာသည့်​ ​လှေစီး​ဒုက္ခသည်များ​ကို သိရီလင်္ကာလူဝင်မှုကြီး​ကြပ်​ရေး​သို့​ ပို့​ဆောင်
DVB
·
February 21, 2013
မြန်မာကလာသည့်​ ​လှေစီး​ဒုက္ခသည်များ​ကို သိရီလင်္ကာလူဝင်မှုကြီး​ကြပ်​ရေး​သို့​ ပို့​ဆောင်
1 / 2
Donate to DVB

သိရီလင်္ကာနိုင်ငံ ​ရေတပ်က ကယ်တင်ခဲ့​တဲ့​ မြန်မာပြည်ကလာတဲ့​သူ ၃၂ ဦး​ကို လူဝင်မှုကြီး​ကြပ်​ရေး​ ထိန်း​သိမ်း​ရေး​ စခန်း​ကို ပို့​ဆောင်ထား​တယ်လို့​ သီရိလင်္ကာရဲတပ်ဖွဲ့​က ​ပြောပါတယ်။

ဖေ​ဖော်ဝါရီ ၁၆ ရက်​နေ့​က သိရီလင်္ကာ​ရေတပ်က ​လှေစီး​ဒုက္ခသည် ၃၂ ဦး​ကို ကယ်တင်ခဲ့​တာဖြစ်ပြီး​ အခု​တော့​ လူဝင်မှုကြီး​ကြပ်​ရေး​ဌာန ထိန်း​သိမ်း​ရေး​ စခန်း​ကို ပို့​ဆောင်ထား​တယ်လို့​ သီရီလင်္ကာ ရဲတပ်ဖွဲ့​ ​ပြောခွင့်​ရ ပရစ်ရှန်တာ ဂျာရာကိုဒီ (Prishantha Jayakody)က ​ပြောပါတယ်။

သူတို့​တွေနဲ့​ ပတ်သက်ပြီး​ သူက “​ရေတပ်က ကယ်တင်ပြီး​တော့​ ​ဆေး​ရုံကို လွှဲ​ပေး​လိုက်တာဖြစ်ပါတယ်။ သူတို့​ကို လူဝင်မှုကြီး​ကြပ်​ရေး​ကို ကျ​နော်တို့​လွှဲ​ပေး​လိုက်ပြီး​ဖြစ်ပါတယ်။ သူတို့​က မြန်မာကလို့​ ​ပြောပါတယ်။ ကျ​နော်အထင်​တော့​ မြန်မာနဲ့​ ဘင်္ဂလား​နယ်စပ်က လူ​တွေ ဖြစ်ပါလိမ့်​မယ်” လို့​ ဆိုပါတယ်။

သီရိလင်္ကာ​ရေတပ်ရဲ့​ အင်တာနက်စာမျက်နှာမှာ ​ဖော်ပြချက်အရ က​လေး​တဦး​နဲ့​ လူရွယ်အမျိုး​သား​ ၃၁ ဦး​ကို သီရီလင်္ကာ အ​ရှေ့​တောင်ဘက် ကမ်း​ခြေက​နေ ​ရေမိုင် ၂၅၀ အကွာ သစ်သား​လှေ နစ်မြုပ်​တော့​မယ့်​အချိန်မှာ ကယ်တင်နိုင်ခဲ့​တာဖြစ်ပြီး​ ဒီလူ​တွေဟာ ပင်လယ်ပြင်မှာ ၂၁ ရက်ကြာ အစာမစား​ရဘဲ အား​အင်ပြတ်လပ်​နေတယ်လို့​ ဆိုပါတယ်။ သူတို့​ထဲက ၄ ဦး​ကို အ​ရေး​ပေါ်​ဆေး​ဝါး​ကုသ​နေတယ်လို့​လည်း​ ​ပြောပါတယ်။

ဒီလ ၁၉ ရက်​နေ့​ထုတ် ရိုက်တာသတင်း​တပုဒ်မှာ​တော့​ ကယ်တင်ခံရသူ​တွေရဲ့​ ပြန်​ပြောပြချက်ကို သီရိလင်္ကာရဲက သူတို့​တွေဟာ မြန်မာ-ဘင်္ဂလား​ဒေ့​ရှ်နယ်ခြား​က ​ကျေး​ရွာတခုက လာကြတဲ့​ မွတ်စလင်​တွေဖြစ်​ကြောင်း​နဲ့​ သူတို့​လှေ​ပေါ်က ​လှေဦး​စီး​အပါအဝင် ၉၈ ​ယောက်ဟာ ပင်လယ်ပြင်မှာ အစာ​ရေစာပြတ်လပ်မှုနဲ့​ ​ရေဓာတ်ဆုံး​ရှုံး​လို့​ ​သေဆုံး​ခဲ့​ရပြီး​ ပင်လယ်ထဲကို ​မျောပစ်ခဲ့​ရတယ်လို့​ ဆိုပါတယ်။

ဒီအဖြစ်အပျက်နဲ့​ပတ်သက်လို့​ ဒီဗွီဘီက သီး​ခြား​အတည်ပြုချက်မ​ပေး​နိုင်​သေး​သလို လိုက်လံ​မေး​မြန်း​နေဆဲ ဖြစ်ပါတယ်။

သူတို့​တွေက အင်ဒိုနီး​ရှား​နဲ့​ ဩစ​တြေး​လျမှာ ခိုလှုံခွင့်​ရှာ​ဖွေ့​ဖို့​ သွား​ရောက်တာ ဖြစ်တယ်လို့​လည်း​ သိရပါတယ်။

ဖေ​ဖော်ဝါရီ ၂ ရက်ကလည်း​ ဘင်္ဂလား​ဒေ့​ရှ်နဲ့​ မြန်မာနိုင်ငံသား​ ၁၃၈ ဦး​ကို အ​ရှေ့​ဘက်ကမ်း​ခြေ ​ရေမိုင် ၅၀ အကွာမှာ သီရီလင်္ကာ​ရေတပ်က ကယ်တင်ခဲ့​ပြီး​ မြို့​တော် ကိုလံဘိုအနီး​က ထိန်း​သိမ်း​ရေး​ စခန်း​တခုမှာ ထိန်း​သိမ်း​ထား​တယ်လို့​ သီရီလင်္ကာ​ရေတပ်ရဲ့​ အင်တာနက်စာမျက်နှာမှာ ​ဖော်ပြထား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013