A d v e r t i s e m e n t With Us

ပုဂံတွင် ကမ္ဘာလှည့်​ခရီး​သည်များ​ လုခံ​နေရပြီး​ လုံခြုံ​ရေး​ အား​နည်း​နေ

ပုဂံ​ရောက် နိုင်ငံခြား​သား​ ကမ္ဘာလှည့်​ခရီး​သည်​တွေ အခုလအတွင်း​ ၃ ကြိမ်တိုင် လုယက်ခံရပြီး​ ခရီး​သည်​တွေရဲ့​ လုံခြုံ​ရေး​အတွက် သက်ဆိုင်ရာက ထိထိ​ရောက်​ရောက် လုပ်​ဆောင်မ​ပေး​ဘူး​လို့​ စုံစမ်း​သိရှိရပါတယ်။ ​ဖေ​ဖော်ဝါရီ ၆ ၊​ ၁၄ နဲ့​ ၁၆ ရက်တို့​မှာ လုယက်မှု​တွေ ဖြစ်ပွား​ခဲ့​ပြီး​ ၁၆ ရက်က ဖြစ်ပွား​ခဲ့​တဲ့​ လုယက်မှု တရား​ခံ​တွေကို​တော့​ စုံစမ်း​ဖော်ထုတ်နိုင်ခဲ့​ပြီး​ လုခံလိုက်ရတဲ့​ ပစ္စည်း​တွေကိုလည်း​ ကာယကံရှင် အင်္ဂလန်နိုင်ငံသူကို ပြန်​ပေး​လိုက်ပြီလို့​ ပုဂံ​ညောင်ဦး​မြို့​နယ် ရဲတပ်ဖွဲ့​မှူး​က အတည်ပြု ​ပြောပါတယ်။ လုံခြုံ​ရေး​အတွက် ​ဆောင်ရွက်ထား​မှုအ​ခြေအ​နေနဲ့​ပတ်သက်ပြီး​ သူက “​တော်​တော်​တော့​ခက်တယ်။ ​ပြောဖို့​က ခွကျတယ်။ ဒါကလုံခြုံ​ရေး​ကိစ္စဆို​တော့​လေ။” ​ဖေ​ဖော်ဝါရီ ၆ ရက်နဲ့​ ၁၄ ရက်​တွေမှာ ဖြစ်ပွား​ခဲ့​တဲ့​ လုယက်မှု​တွေကို​တော့​ အခုထိ မ​ဖော်ထုတ်နိုင်​သေး​ပါဘူး​။ လုသူ​တွေဟာ ​မော်​တော်ဆိုင်ကယ်​တွေစီး​နင်း​ပြီး​ ပုဂံမှာ လမ်း​လျှောက်လည်ပတ်​နေတဲ့​ ခရီး​သည်​တွေ၊​ စက်ဘီး​စီး​ လည်ပတ်​နေသူ​တွေရဲ့​ ပစ္စည်း​တွေကို လူယူကြတာဖြစ်ပါတယ်။ ပုဂံမြို့​ခံ ကိုမင်း​နိုင်က​တော့​ နိုင်ငံခြား​သား​ကမ္ဘာလှည့်​ခရီး​သည်​တွေကို ​စောင့်​ရှောက်မယ့်​ ခရီး​သည်​စောင့်​ရှောက်​ရေး​ ရဲ​တွေ လိုအပ်​နေပြီလို့​ ​ပြောပါတယ်။ “ပုဂံမှာ ဧည့်​သည်​တွေ​တောင်များ​နေပြီး​ ဟိုတယ်​တွေ မ​လောက်၊​ တည်း​ခိုစရာ​နေရာ​တွေ​တောင် မလုံ​လောက်တဲ့​အချိန်မှာ တိုး​ရစ်​စောင့်​ရှောက်​ရေး​ရဲ အမြန်ဆုံး​အ​ကောင်အထည်​ဖော်​စေချင်တယ်။” ၂၀၁၁ ခုနှစ်က တကြိမ်​လောက်ပဲ အခုလို လုယက်တာမျိုး​ ကြား​ဖူး​ပြီး​ အခုလို တလတည်း​ ၃ ကြိမ်ဖြစ်ပွား​တာမျိုး​ မရှိဘူး​လို့​လည်း​ သူက ​ပြောပါတယ်။ မြန်မာနိုင်ငံဧည့်​လမ်း​ညွှန်အသင်း​က ကိုညီညီက​တော့​ ပုဂံမှာ သူ​တွေ့​ဖူး​တဲ့​ ခရီး​သည်​စောင့်​ရှောက်​ရေး​ရဲ ဆိုသူ​တွေရဲ့​ အလုပ်ကို ခုလို ​ပြောပါတယ်။ “တိုး​ရစ်​စောင့်​ရှောက်​ရေး​ရဲ ဆိုတာက တိုး​ရစ်လုံခြုံ​ရေး​အတွက် လုံလုံ​လောက်​လောက် ရှိတာ မဟုတ်ဘူး​။ ကျ​နော်​တွေ့​ဖူး​တာ​တော့​ တိုး​ရစ်ရဲ ဆိုပြီး​ ရဲ ၂ ​ယောက်က ​နေဝင်ချိန်ရှုခင်း​ကြည့်​တဲ့​ ​ရွှေဆံ​တော်ဘုရား​ဝင်​ပေါက်မှာ ဘာလုပ်​နေလဲဆို​တော့​ နိုင်ငံခြား​သား​တွေ ပုဂံဝင်​ကြေး​ ဇုန်စည်း​ပေါ့​။ ဇုန်စည်း​စာရွက်​ပေး​လား​ မ​ပေး​လား​။ ပိုက်ဆံ​ဆောင်ခွင့်​ပေး​လား​ မ​ပေး​လား​ ဆိုတာ လက်မှတ်စစ်ပုံစံမျိုး​နဲ့​ အ​ပေါက်ဝမှာ​စောင့်​နေတာ။ ယူနီ​ဖောင်း​အပြာ​ရောင်နဲ့​ ဒါပဲ​တွေ့​တယ်။” အရင်နှစ်က ​ကျောက်ပန်း​တောင်း​မြို့​မှာ ဂျပန်ကမ္ဘာလှည့်​ခရီး​သည်အမျိုး​သမီး​တဦး​ အသတ်ခံရဖူး​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up