DVB Logo
Home
ဆောင်းပါး
လူဦး​ရေ ၅၀ ရာခိုင်နှုန်း​ မိုဘိုင်း​ဖုန်း​ ကိုင်နိုင်မယ် ဆိုတာ တကယ်ဖြစ်လာမှာလား
DVB
·
February 21, 2013
လူဦး​ရေ ၅၀ ရာခိုင်နှုန်း​ မိုဘိုင်း​ဖုန်း​ ကိုင်နိုင်မယ် ဆိုတာ တကယ်ဖြစ်လာမှာလား
Donate to DVB

အခုတ​လော ပြည်တွင်း​မှာ ပြည်သူ​တွေ စိတ်အဝင်စား​ဆုံး​ သတင်း​က​တော့​ မိုဘိုင်း​ဖုန်း​တွေနဲ့​ ပတ်သက်တဲ့​ သတင်း​ပဲ ဖြစ်ပါတယ်။ မိုဘိုင်း​ဖုန်း​ တပ်ဆင်​ရေး​ ပြဿနာနဲ့​ ပတ်သက်ပြီး​ ဆက်သွယ်​ရေး​ဝန်ကြီး​ဟောင်း​ကို စစ်​ဆေး​နေတယ်။ ဆက်သွယ်​ရေး​ဝန်ကြီး​ဌာနက အကြီး​တန်း​အရာရှိ​တွေကို တရား​စွဲထား​တယ်။ သူတို့​နဲ့​ အတူလုပ်ကိုင်​နေတဲ့​ ခရိုနီ​တွေပိုင် ကုမ္ပဏီ​တွေကို ​ခေါ်ယူစစ်​ဆေး​နေတယ်။ လာမယ့်​ ဧပြီလဆန်း​ဆိုရင် ပြည်သူ​တွေ ဝမ်း​သာ​စေမယ့်​ ​ဈေး​နှုန်း​နဲ့​ မိုဘိုင်း​ဖုန်း​ ဆင်း​ကတ်​တွေ ​ရောင်း​ပေး​တော့​မယ် စတဲ့​ သတင်း​တွေအား​လုံး​ ပြည်သူ​တွေ စိတ်ဝင်စား​ကြပါတယ်။

ဒီရက်ပိုင်း​အတွင်း​ ချင်း​ပြည်နယ်ကို ​ရောက်သွား​တဲ့​ သမ္မတ ဦး​သိန်း​စိန်ကလည်း​ သူ့​အစိုး​ရသက်တမ်း​အကုန် ၂၀၁၅-၁၆ ကျရင် လူဦး​ရေရဲ့​ ၅၀ ရာခိုင်နှုန်း​ မိုဘိုင်း​ဖုန်း​ ကိုင်နိုင်​အောင် လုပ်​ပေး​မယ်ဆိုပြီး​ ကတိ​ပေး​ခဲ့​ပြန်တဲ့​အတွက် ဒီကိစ္စ ပြည်သူ​တွေ စိတ်ဝင်စား​စရာပိုဖြစ်လာပါ​တော့​မယ်။ ဒီကတိ ဖြစ်နိုင်ပါ့​မလား​ ဆိုတာ ခုတပတ် ​ဆွေး​နွေး​တင်ပြသွား​မယ် ဖြစ်ပါတယ်။

တကယ်​တော့​ ဒီစီမံကိန်း​ကို ပထမဦး​ဆုံး​ တင်ပြတာ သမ္မတ ဦး​သိန်း​စိန်​တော့​ မဟုတ်ပါဘူး​။ လက်ရှိ အစစ်​ဆေး​ခံ​နေရတဲ့​ ဆက်သွယ်​ရေး​ဝန်ကြီး​ဟောင်း​ ဦး​သိန်း​ထွန်း​ ဖြစ်ပါတယ်။ သူက ၂၀၁၁ ဇွန်လ အစိုး​ရအဖွဲ့​အစည်း​အ​ဝေး​မှာ ၂၀၁၁-၁၂ ဘဏ္ဍာ​ရေး​နှစ်က စလို့​ ၂၀၁၅-၁၆ အစိုး​ရသက်တမ်း​ကုန်ဆုံး​ချိန် ဘဏ္ဍာ​ရေး​နှစ်အထိ ၅ နှစ်အတွင်း​ မိုဘိုင်း​ဖုန်း​ သန်း​ ၃၀ တပ်ဆင်သွား​မယ်လို့​ ကတိပြုခဲ့​ပါတယ်။ သူ့​တင်ပြချက်အရ ပထမနှစ်မှာ ၄ သန်း​၊​ ​နောက်နှစ် ၅ သန်း​၊​ အဲလိုနည်း​နဲ့​ ၆သန်း​၊​ ၇ သန်း​နဲ့​ ၈ သန်း​ စုစု​ပေါင်း​ သန်း​ ၃၀ တပ်ဆင်မယ်။ ၂၀၁၆ ​ရောက်ရင် လူဦး​ရေရဲ့​ ၅၀ ရာခိုင်နှုန်း​ ဖုန်း​ကိုင်နိုင်မယ့်​သ​ဘော ဖြစ်ပါတယ်။ ဒါ​တောင် လက်ရှိ က​မ္ဘောဒီး​ယား​မှာ လူဦး​ရေရဲ့​ ၇၀ ရာခိုင်နှုန်း​၊​ လာအိုမှာ ၈၀ ရာခိုင်နှုန်း​ကျော်၊​ ထိုင်း​မှာ ၁၀၀ ရာခိုင်နှုန်း​ကျော်ကိုင်နိုင်တာနဲ့​ လုံး​ဝ မနှိုင်း​ယှဉ်နိုင်​သေး​ပါဘူး​။

အဲလို ​နောက်ထပ် ကတိပြုသူတ​ယောက်က​တော့​ အရင် စီမံကိန်း​ဝန်ကြီး​ ဦး​တင်နိုင်သိန်း​ ဖြစ်ပါတယ်။ သူကလည်း​ အလား​တူ ၅ နှစ်အတွင်း​ မိုဘိုင်း​ဖုန်း​ သန်း​ ၃၀ တပ်ဆင်​ရေး​ကို အမျိုး​သား​စီမံကိန်း​မှာ ထည့်​ထား​တဲ့​အ​ကြောင်း​ နိုင်ငံတကာ ညီလာခံတခုမှာ ထုတ်​ဖော် ​ပြောဆိုပါတယ်။ ဆက်သွယ်​ရေး​ဝန်ကြီး​ ဦး​သိန်း​ထွန်း​အ​နေနဲ့​ သူ​ပေး​တဲ့​ ကတိ ၅ နှစ်အတွင်း​ မိုဘိုင်း​ဖုန်း​ သန်း​ ၃၀ တပ်ဆင်ဖို့​ဆိုရင် မြန်မာ့​ဆက်သွယ်​ရေး​ တခုတည်း​ လုပ်လို့​မရနိုင်ပါဘူး​။ အ​ကြောင်း​က​တော့​ ဒီ ဝန်ကြီး​ဌာနဟာ ဆယ်စုနှစ် ၁ ခု​ကျော်အတွင်း​ မိုဘိုင်း​ဖုန်း​ ၂ သန်း​ ၃ သန်း​တောင် ​ကောင်း​ကောင်း​ မတပ်ဆင်ခဲ့​လို့​ ဘာအ​တွေ့​အကြုံမှ မရှိသလို ဘာအချက်အလက်​တွေနဲ့​မှလည်း​ မပြည့်​စုံပါဘူး​။ ဒီအတွက် နိုင်ငံတကာ တယ်လီကွန်း​ ကုမ္ပဏီ​တွေကို ဖိတ်​ခေါ် ရင်း​နှီး​မြှုပ်နှံခွင့်​ပြုဖို့​ လိုပါတယ်။ ဒီအတွက် လိုအပ်တဲ့​ ဥပ​ဒေဆိုင်ရာ ကိစ္စ​တွေကို အလျင်အမြန် ပြဋ္ဌာန်း​ပေး​ဖို့​ လိုပါတယ်။

ဒါ​ပေမယ့်​ လက်​တွေ့​ အ​ခြေအ​နေ​တွေက​တော့​ ​ပြောင်း​ပြန်ဖြစ်ပါတယ်။ ဝန်ကြီး​ဦး​သိန်း​ထွန်း​ဟာ နိုင်ငံတကာရင်း​နှီး​မြှုပ်နှံမှုကို ခွင့်​ပြုဖို့​အတွက် ဥပ​ဒေ အဆင်သင့်​ မရှိ​သေး​ဘူး​ဆိုတဲ့​ အ​ကြောင်း​ပြချက်နဲ့​ ဒီလို ပမာဏ ကြီး​မား​လှတဲ့​ စီမံကိန်း​ကို ပြည်တွင်း​က ခရိုနီ​တွေနဲ့​ ပြိုင်ဘက်မရှိ အ​ကောင်အထည် ​ဖော်ပါ​တော့​တယ်။ ပြိုင်ဘက်မရှိ ဆိုတဲ့​အတိုင်း​ ပွင့်​လင်း​မြင်သာမှု မရှိတဲ့​ တင်ဒါစနစ်​တွေနဲ့​ လုပ်ကိုင်တဲ့​အခါ လာဘ်​ပေး​မှု အကြီး​အကျယ် ဖြစ်​ပေါ်ပြီး​ ကုန်ကျစရိတ် မြင့်​တက်မှု​တွေ ဖြစ်​ပေါ်​စေခဲ့​ပါတယ်။ ဒါတင်မက နိုင်ငံတကာမှာ ကျပ် ၅ ​ထောင်​လောက်ပဲ ​ပေး​ရတဲ့​ မိုဘိုင်း​ဖုန်း​ ဆင်း​ကတ်​တွေကို တန်ဖိုး​နည်း​ ဆိုပြီး​ ကျပ်​ငွေ ၂ သိန်း​၊​ ၂ သိန်း​ခွဲ​ဈေး​နှုန်း​နဲ့​ မျက်နှာ​ပြောင်တိုက် ​ရောင်း​ချခဲ့​ကြပါ​သေး​တယ်။

အကျိုး​ဆက်က​တော့​ အရင်​ခေတ်ကလို ငုံ့​မခံတတ်​တော့​တဲ့​ ပြည်သူ​တွေဆီက မ​ကျေမနပ်အသံ​တွေ ထွက်​ပေါ်လာ​စေပါတယ်။ ဖြစ်နိုင်ရင် မိုဘိုင်း​ဖုန်း​ ဆင်း​ကတ်​တွေကို အလကား​တောင် ​ပေး​သင့်​တယ်လို့​ပြောတဲ့​ သမ္မတကိုလည်း​ အရှက်ရ​စေပါတယ်။ ဒီထက်ဆိုး​တာက ​ဈေး​နှုန်း​ကြီး​မြင့်​မှု​ကြောင့်​ စီမံကိန်း​ရည်မှန်း​ချက်အတိုင်း​ မိုဘိုင်း​ဖုန်း​တွေ မတပ်ဆင်နိုင်​တော့​ခြင်း​ပါ။ စီမံကိန်း​ ဒုတိယနှစ်အကုန်မှာ မိုဘိုင်း​ဖုန်း​ ၉ သန်း​ ထပ်​ဆောင်း​ တပ်ဆင်ပြီး​ ဖြစ်ရမယ့်​အစား​ ၆ သန်း​တောင် မပြည့်​ခဲ့​ပါဘူး​။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ ပြဿနာ​တွေဟာ ပြည်​ထောင်စုဝန်ကြီး​ ပါဝင်တဲ့​ အဂတိလိုက်စား​မှု ကွင်း​ဆက်ကြီး​ကို အ​ရေး​ယူရသည်အထိ အရုပ်ဆိုး​အကျည်း​တန်ခဲ့​ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံက​တော့​ ကံ​ကောင်း​နေဆဲပါပဲ။ ဆက်သွယ်​ရေး​က​နေ နိုင်ငံခြား​ရင်း​နှီး​မြှုပ်နှံမှုကုမ္ပဏီ ၂ ခု လုပ်ခွင့်​ပေး​မယ်လို့​ ​ကြေညာလိုက်တဲ့​အခါ လုပ်ကိုင်မယ် ဆိုပြီး​ အဆိုပြုလာတဲ့​ ကုမ္ပဏီလုပ်ငန်း​စု ၉၁ ခု ​တောင်ရှိခဲ့​ပါတယ်။ ကမ္ဘာ့​တိုက်ကြီး​အား​လုံး​က နာမည်ကြီး​ တယ်လီကွမ်း​ကုမ္ပဏီအား​လုံး​ ပါဝင်တယ်လို့​တောင် ဆိုနိုင်ပါတယ်။

တကယ်လို့​သာ သမ္မတ ဦး​သိန်း​စိန်အစိုး​ရအဖွဲ့​ဟာ အရင် ဆက်သွယ်​ရေး​ဝန်ကြီး​ အဆိုပြုထား​တဲ့​ ရင်း​နှီး​မြှုပ်နှံမှုပုံစံကို ပယ်ဖျက်ပြီး​ ကမ္ဘာ့​အဆင့်​ တယ်လီကွန်း​ကုမ္ပဏီ အနည်း​ဆုံး​ ၄-၅ ခု​လောက် ခွင့်​ပြု ပြိုင်ဆိုင်ခွင့်​ပေး​လိုက်ရင် နဂို​မျှော်မှန်း​ထား​တဲ့​ ရည်ရွယ်ချက်​တွေ ပြည့်​မီနိုင်ပါတယ်။ တကယ်လို့​ အဲလို မဟုတ်ဘဲ သန်း​ ၆၀ ပြည်သူ​တွေ မျက်နှာကိုမကြည့်​ဘဲ ခရိုနီ​တွေ ​ကောင်း​စား​ရေး​ကိုပဲ ဆက်လုပ်ခဲ့​ဦး​မယ်ဆိုရင်​တော့​ ဒါဟာ သမ္မတ ဦး​သိန်း​စိန်အစိုး​ရအတွက် မျက်နှာပျက်စရာ ကိစ္စတခု ထပ်ပြီး​ ဖြစ်လာနိုင်​ကြောင်း​ တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013