ပညာရေးဘတ်ဂျက် လွှဲပြောင်းအသုံးပြုမယ်
DVB
·
February 21, 2013
လာမယ့် ၂၀၁၃-၁၄ ပညာရေး ဘတ်ဂျက် ခွဲဝေသုံးစွဲရာမှာ အဆင့်မြင့်ပညာကဏ္ဍမှာ ပါဝင်တဲ့ မလိုလားအပ်တဲ့ ဇိမ်ခံပစ္စည်းတွေအတွက် သုံးမယ့် အသုံးစရိတ်တွေကို ဝေးလံခေါင်ဖျားနဲ့ မြစ်ကူးချောင်းခြား ကျေးရွာတွေက ဥပဓိရုပ်မကောင်းတဲ့ ကျောင်းတွေ၊ ပြိုကျပျက်စီးနေတဲ့ ကျောင်းတွေ ပြင်ဆင်ရာမှာ အသုံးပြုသွားမယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေး က ပြောပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက် နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဇလွန်မဲဆန္ဒနယ်က ဦးတင်ထွတ် တင်သွင်းတဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ အရေးကြီးအဆိုကို သူက ခုလို အဖြေပေးလိုက်တာ ဖြစ်ပါတယ်။
ဦးတင်ထွတ်က ကျေးလက်တွေမှာ ကျောင်းတကျောင်းလုံးမှာမှ ဆရာတယောက် နှစ်ယောက်ပဲ ရှိတာ၊ ဆရာတချို့ကို ရပ်ရွာက ငွေကုန်ကြေးကျခံပြီး ငှားရမ်း ခန့်ထားရတာ၊ ကျောင်းတွေ ပြိုကျပျက်စီးနေတာတွေအတွက် ဘတ်ဂျက်လွှဲပြောင်း အသုံးပြုဖို့ အဆို တင်ခဲ့တာဖြစ်ပါတယ်။