Home
မြန်မာသတင်း
တရုတ်သမ္မတ၏ မြန်မာပြည်ခရီးစဉ်ကို ‘ဝ’တပ်ဖွဲ့နှင့် ရှမ်းအဖွဲ့အစည်းများကြိုဆို
နန်းမြနဒီ
·
January 16, 2020
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်ရဲ့  မနက်ဖြန် မြန်မာနိုင်ငံကို လာရောက်ဖို့ရှိတဲ့ ခရီးစဉ်ကို  ဝမ်းမြောက်စွာကြိုဆိုကြောင်း ‘၀’ လက်နက်ကိုင်တပ်ဖွဲ့ (UWSA) နဲ့  ရှမ်းအဖွဲ့အစည်းတွေက အသီးသီး ထုတ်ပြန်ကြေညာပါတယ်။ တရုတ်သမ္မတဟာ မြန်မာ-တရုတ်ဆက်ဆံရေးနှစ် ၇၀ ပြည့်အထိမ်းအမှတ်အနေနဲ့ မြန်မာနိုင်ငံ ကို ရောက်လာတာဖြစ်ပြီး လက်ရှိ အန်အယ်လ်ဒီအစိုးရလက်ထက်မှာ တရုတ်သမ္မတ တဦးအနေနဲ့ ပထမဆုံးအကြိမ် လာရောက်မယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ နှစ်နိုင်ငံ ကံကြမ္မာအကျိုးတူအဖွဲ့တည်ဆောက်နိုင်ဖို့ ခိုင်မာတဲ့ အခြေခံအုတ်မြစ် လည်းဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ မြောက်ပိုင်း ငြိမ်းချမ်းရေးပြဿနာတွေအတွက် လိုအပ်နေချိန်မှာ ရောက်ရှိလာလို့ ကြိုဆိုကြောင်း UWSA ‘ဝ’ တပ်ဖွဲ့ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက ဒီဗွီဘီကို ပြောပါတယ်။  “မြန်မာနိုင်ငံမြောက်ပိုင်းရဲ့ပြဿနာဟာ မြန်မာ-တရုတ်နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပြည်သူလူထု ဆက်ဆံရေးဖွံ့ဖြိုးမှုတွေနဲ့သက်ဆိုင်ပြီး ကျနော်တို့အနေနဲ့ တရုတ်ဘက်က တက်ကြွစွာ အပြုသဘော ဆောင်တဲ့  လုပ်ဆောင်ချက်နဲ့ နှစ်နိုင်ငံအကြီးအကဲတွေက မြန်မာပြည်မြောက်ပိုင်း ငြိမ်းချမ်းရေး ပြဿနာနဲ့ ပတ်သက်ပြီး လက်တွေ့ကျတဲ့ နိုင်ငံရေးဖြေရှင်းနည်းလမ်း ရှာဖွေတွေ့ရှိမယ်လို့ မျှော်လင့်တယ်။ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ မြောက်ပိုင်းမဟာမိတ်တွေနဲ့ တစုံတရာ သဘောတူညီမှုတွေ၊ မြန်မာပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်တွေကအစ တစုံတရာ တိုးတက် ပြောင်းလဲမှုရှိလာမယ်လို့လည်း မျှော်လင့်ပါတယ်” မြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေဟာ နောက်ကျနေတဲ့အတွက် တရုတ်နဲ့ မြန်မာကို ဆက်သွယ်ပေးမယ့် ပိုးလမ်းမရပ်ဝန်းတခု၊ လမ်းကြောင်းတခု အစီအစဉ်နဲ့ တရုတ်-မြန်မာစီးပွါးရေး စင်္ကြံစီမံကိန်းတွေကနေ  တိုင်းရင်းသားဒေသစီးပွါးရေး ၊ ကုန်သွယ်ရေး၊ ဆောက်လုပ်ရေးတွေပေါ်မှာ အကျိုးသက်ရောက်စေဖို့လည်း ဆုတောင်းတယ်လို့ UWSA ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ် ။  အလားတူရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင်းရှိရပ်မိရပ်ဖတွေ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)၊ မြို့နယ်တောင်သူလယ်သမားများအသင်း၊ လူမှုညီညွတ်ရေး အသင်း၊ ရှေးဟောင်းအမွေအနှစ်နှင့် သမိုင်းဝင်နေရာများထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး အသင်း စတဲ့ အဖွဲ့ ၅ ဖွဲ့ကလည်း ပူးပေါင်းပြီး  သမ္မတ ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်ကို လှိုက်လှဲစွာ ကြိုဆိုကြောင်း ဒီကနေ့ ထုတ်ပြန်ပါတယ်။ ဒါပေမယ့် တရုတ်အနေနဲ့ မြန်မာနိုင်ငံမှာ BRI (Belt and Road Initiative) စီမံကိန်း လုပ်မယ်ဆိုရင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်း၊ လူမှုရေးဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ခြင်းတွေကို အများယုံကြည်နိုင်လောက်အောင်လုပ်ဆောင်ဖို့နဲ့ မလုပ်ဆောင်ပါက  BRI စီမံကိန်းကို ကန့်ကွက်တဲ့အကြောင်းလည်း ရှမ်း အဖွဲ့ ၅ ဖွဲ့က ထုတ်ပြန်ထားပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024