Homeမြန်မာသတင်း
ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးစနစ် မပြည့်စုံသေးသဖြင့် ဆက်ကြိုးစားမည်ဟု ဝန်ကြီးချုပ်ပြော
ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးစနစ် မပြည့်စုံသေးသဖြင့် ဆက်ကြိုးစားမည်ဟု ဝန်ကြီးချုပ်ပြော
စိုးမိုးအောင်
·
January 16, 2020
YBSအပါအဝင် ရန်ကုန်မြို့ရဲ့ သယ်ယူပို့ဆောင်ရေးစနစ်ဟာ ပြည့်စုံလုံလောက်တဲ့ အခြေအနေမဖြစ်သေးတာကြောင့် ဆက်လက်ကြိုးစားရဦးမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ရန်ကုန်မြို့ စကိုင်းစတားဟိုတယ်မှာ ဇန်နဝါရီ ၁၆ ရက်က ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့အ အခမ်းအနားမှာ ပြောဆိုခဲ့တာပါ။
ရန်ကုန်မြို့ရဲ့သယ်ယူပို့ဆောင်ရေးစနစ်ဟာ လက်ရှိအချိန်အထိ ပြည့်စုံလုံလောက်တဲ့ အခြေအနေ မဖြစ်သေးတာကြောင့် ဆက်လက်ကြိုးစားရဦးမှာဖြစ်သလို YBS ပြောင်းလဲမှုမှာ ပြည်သူတွေ ပူးပေါင်းပါဝင်မှုအဓိကကျပြီး ပြည်သူတွေပါဝင်မကူညီခဲ့ရင် မထသစနစ်ကိုပြောင်းလဲ နိုင်မှာ မဟုတ်ဘူးလို့လည်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ YBSယာဉ်တွေနေရာမှာ အောက်ဆိုက်ကားတွေပြေးဆွဲနေတာ၊ ရုံးတက်ရုံးဆင်းချိန်တွေမှာ ခရီးသည်ကြပ်တည်းမှုဖြစ်တာစတဲ့ အခက်အခဲတွေကြောင့် လိုအပ်ချက် အများကြီးရှိနေသေးတယ်လို့လည်း ဝန်ကြီးဒေါ်နီလာကျော်က ဝန်ခံလိုက်ပါတယ်။
YBS စနစ်စတင်ခဲ့တဲ့အပေါ် အစိုးရရင်းနှီးငွေထည့်သွင်းထားတဲ့ YBPC ကုမ္ပဏီမှာ ကျပ်သန်းပေါင်း ၃၀၀၀ကျော် အသားတင်အရှုံးပေါ်နေသလို YUPTကုမ္ပဏီမှာလည်း ကျပ်သန်း ပေါင်း ၈၀၀ ကျော် အရှုံးပေါ်နေတယ်လို့ ၂၀၁၇-၂၀၁၈ စာရင်းစစ်ချုပ်အစီရင်ခံစာမှာ ထည့်သွင်းထား ပါတယ်။
ရန်ကုန်မြို့ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းဟာ အချိန်ကာလ ၃ နှစ် ၄ နှစ်နဲ့ ဆောင်ရွက်နိုင်မှာ မဟုတ်သလို ရှေ့ဆက်လုပ်ရမှာတွေများစွာကျန်နေတာကို နားလည်ပေးဖို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။
လက်ရှိမှာတော့ ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်တွေမှာ ရုံးတက်ရုံးဆင်းချိန် ခရီးသည်ကြပ်တည်းမှု ရှိနေသေးတာ၊ ညပိုင်းတွေမှာ ယာဉ်သွားလာမှုနည်းပြီး အချိန်ကြာကြာ စောင့်ရတာအပြင် ယာဉ်အပြိုင်မောင်းနှင်မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။