Home
မြန်မာသတင်း
မဲဆောက်တွင် ရေတင်ကားအောက်သိုဝှက်သယ်ဆောင်လာသည့် မြန်မာ ၆ ဦး အဖမ်းခံရ
နန်းမြနဒီ
·
January 15, 2020
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲမှာ တရားမဝင်မြန်မာ အလုပ်သမားတွေ ကို ရေတင်ကားအောက်မှာ တရားမဝင် သိုဝှက်သယ်ဆောင်လာတဲ့ကားတစ်စီး ဖမ်းဆီးခံလိုက်ရပါတယ်။  ဇန်နဝါရီ ၁၅ ရက် မနက်ပိုင်းက တာ့ခ်ခရိုင်ရဲတပ်ဖွဲ့၊ လဝကရဲနဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ နယ်မြေထဲ ရာဇဝတ်မှုပပျောက်ရေး၊ မူးယစ်ဆေးဝါးနဲ့တကွ တရားမဝင်ပစ္စည်းသယ်ဆောင်မှုတွေ နှိမ်နင်းရေးအတွက် မဲဆောက်-တာ့ခ်သွားလမ်းမကြီး ဟွေ့ဟင်ဖွန် စစ်ဆေးရေးဂိတ်ကနေ ယာဉ်သွားယာဉ်လာတွေ စောင့်ကြပ်စစ်ဆေးနေစဉ် မနက် ၈ နာရီအချိန်လောက်မှာတော့ မဲဆောက်ဘက်ကနေ ပလပ်စတစ်ရေစည်ပိုင်းတွေ တင်ဆောင်လာတဲ့ မစ်ဆူဘီရှီဟိုင်းလပ်ကား တစ်စီးဟာ စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းပြီး အခြားလမ်းဘက်ကို မသင်္ကာဖွယ် ကွေ့ဝင်သွားလို့ တာဝန်ရှိသူတွေက အနောက်ကနေ ကားနဲ့ချက်ချင်း လိုက်သွားခဲ့တယ် လို့ မဲဆောက်ရဲတပ်ဖွဲ့က သတင်းထောက်တွေကို ပြောပါတယ်။    အဆိုကားကို တားဆီးစစ်ဆေးရာမှာတော့ အရပ်ထဲမှာ ရေတွေလိုက်ရောင်းနေတဲ့ကား တစ်စီး ဖြစ်ကြောင်း၊ ဒါပေမယ့် ရေစည်ထဲမှာ ရေတွေမရှိဘဲ ရေစည်တွေအောက်မှာ မသင်္ကာဘွယ်ကြမ်းခင်း ပြုလုပ်ထားတာတွေ့ရှိကြောင်း၊ ကြမ်းခင်းအောက်မှာ ၁ ပေလောက်မြှင့်ထားတဲ့ အထပ် ၁ ထပ်ရှိပြီး အနက်ရောက်မိုးကာနဲ့ အုပ်ထားကြောင်း၊ အဆိုပါ နေရာကို ဖွင့်လှစ်စစ်ဆေးကြည့်ရာမှာတော့ အိပ်လျက်အနေအထားနဲ့ လိုက်ပါလာတဲ့ အမျိုးသား ၄ ဦး နဲ့ အမျိုးသမီး ၂ ဦးတို့ကို တွေ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။  ဆက်လက်စစ်ဆေးရာမှာ ၎င်းတို့ ၆ ဦးမှာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတဲ့ သက်သေအထောက်အထားတစုံတရာ မရှိကြောင်း၊ အသက် ၂၉ နှစ်ရွယ်ရှိ နိုင်းဝိတ်ထချိုင်း မားလိုင်း ဆိုသူ ယာဉ်မောင်းသမားက  သူတို့အားလုံးကို မဲဆောက်ကနေ ဘန်ကောက်ထိ ပို့ပေးဖို့ မြဝတီဘက်ခြမ်းရှိ မြန်မာပွဲစားတစ်ဦးက ဆက်သွယ်ပေးခဲ့ကြောင်း၊ သယ်ဆောင်ခအနေနဲ့ တစ်ဦးလျှင် ဘတ် ၈၀၀၀ စီရရှိ မှာဖြစ်တယ်လို့ ဖွင့်ဟဝန်ခံသွားပါတယ်။  ရဲတပ်ဖွဲ့က ကားသမားကို တရားမဝင်သူတွေနိုင်ငံထဲသယ်ဆောင်လာမှုနဲ့လည်းကောင်း၊ မြန်မာနိုင်ငံသား ၆ ဦးကို နိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုနဲ့လည်းကောင်း အရေးယူဖို့ မဲဆောက်မြို့နယ်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။  ကိုးကား-Manageronline
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024