Home
မြန်မာသတင်း
လားရှိုးတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးသူ ၂ ဦး တွေ့ရှိ 
နန်းမြနဒီ
·
January 15, 2020
82520532_1025885267780283_2051262941616930816_n
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာအုပ်စုထဲမှာ ဇန်နဝါရီ ၁၄ ရက် ညက သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်း ၂ လောင်းကို တွေ့ရှိတယ်လို့  လားရှိုးမြို့နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။  လားရှိုးမြို့ အနောက်ဘက် ၁၆ မိုင်ခန့်အကွာ နောင်မွန်ကျေးရွာနားမှာ မနေ့ ည ၇ နာရီခွဲလောက်က သေနတ်သံ ၇ ချက်ကြားတာနဲ့ တာဝန်ရှိသူတွေက  အသံကြားရာဘက်ကို သွားရောက်စစ်ဆေးကြည့်ရှုရာမှာ ဂေါ်ရခါးသင်္ချိုင်းကုန်းထဲမှာ လူ ၂ ဦး သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့တယ်လို့ လားရှိုးမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးမြင့်ကျော်က ဒီဗွီဘီကို ပြောပါတယ်။  “ည ၇ နာရီခွဲလောက်က သေနတ်သံကြားလို့ ရဲရယ်၊ တပ်ရယ်၊ အုပ်ချုပ်ရေးအဖွဲ့ရယ် ပူးပေါင်းပြီး သွားစစ်ဆေးထောက်လှမ်းတာပေါ့နော်၊ သေနတ်သံက ၇ ချက်လောက်ကြားရတယ်။ ဟိုရောက်တော့ နောင်မွန်းကျေးရွာ ဂေါ်ရခါးသင်္ချိုင်းနားမှာ လူ ၂ ယောက် သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ပါတယ်ခင်ဗျ။ တယောက်က အသက် ၂၀ လောက်ရှိတဲ့ ကိုးကန့်အမျိုးသား ၁ ဦး၊ အနက်ရောင်အနွေးထည် အပြာရောင်ဘောင်းဘီရှည်နဲ့ ဝဲဘက်ဝမ်းဗိုက် ကျည်ဖောက်ဒဏ်ရာ ၁ ချက်၊ ဦးခေါင်းနောက်စေ့ ကြေမွဒဏ်ရာ ပက်လက်အနေအထားနဲ့ သေနေတယ်။ အဲဒီဘေးကနေ ၉မမ ကျည်ခွံ ၁ ခုတွေ့တယ်။ နောက် ၁ ယောက်က အသက် ၂၅ နှစ်လောက် ကိုးကန့်လူမျိုးဘဲ၊ အနက်ရောင်မှာ ပြောက်ကျားပါတဲ့ခေါင်းစွပ်အနွေးထည် ဝတ်ထားတယ်။ သူကတော့ ဦးခေါင်း နောက်စေ့မှာ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ နဖူးယာဘက်မှာ ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲနားထင် ကျည်ပေါက်ဝင် ဒဏ်ရာ ၁ ချက်၊ အဲဒါက မှောက်လျက်အနေအထားနဲ့ သေနေတယ်။ သူ့အနီးကနေပြီး ၉မမ ကျည်ခွံ ၁ ခုတွေ့တယ်၊ အဲဒီအနီးက အုတ်ဂူပေါ်မှာလည်း မူးယစ်ဆေးဝါး သုံးစွဲထားတဲ့ အပ်တွေ မီးခြစ်တွေ တွေ့ပါတယ်ခင်ဗျ။”  သေဆုံးသူတွေရဲ့အလောင်းကို လားရှိုးဆေးရုံသို့ ပို့ဆောင်ထားပြီး အမည်နဲ့ နေရပ်လိပ်စာကို ဆက်လက်စုံစမ်းနေကြောင်း၊ အဆိုပါအမှုကို နောင်မွန်နယ်မြေရဲစခန်းက  ရာဇသတ်ကြီးပုဒ်မ ၃၀၂ လူသတ်မှုနဲ့ အမှုဖွင့်ထားတယ်ပါတယ်။  ဒီကိစ္စနဲ့ ပတ်သက်ပြီး လားရှိုးမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်စိုင်းဝမ်းလှိုင်းခမ်းက လားရှိုးမှာတရားဥပဒေ မစိုးမိုးတဲ့အနေအထား ရှိနေ ပြီး ပြည်သူ့လုံခြုံရေးအတွက် သက်ဆိုင်ရာက ပိုပြီးကာကွယ်စောင့်ရှောက်ပေးဖို့ လိုလားကြောင်း ဒီဗွီဘီကို ပြောပါတယ်။  “တရားဥပဒေစိုးမိုးမှုတွေ ပျက်ပြားနေတဲ့အနေအထားဖြစ်နေပြီလားပေါ့။ ရှမ်းမြောက်မှာ အခုလိုပဲ တရားခံမဖော်ထုတ်နိုင်တဲ့ သေနတ်ပစ်သတ်ခံရမှုတွေ များလာနေပါတယ်။ စိုးရိမ်စရာ ကောင်းပြီး ပြည်သူအများက ကိုယ့်လုံခြုံရေးကိုပဲဂရုစိုက်ကာ သွားလာနေရမယ့် သဘောသက်ရောက် နေပါတယ်။ ပြည်သူ့ဘဝ လုံခြုံဖို့ အရင်ကထက်ပိုပြီး ကြိုတင်ကာကွယ် ကြည့်ရှုစောင့်ရှောက် ပေးဖို့လည်း လိုအပ်တယ်လို့မြင်ပါတယ်” အလားတူ ဖြစ်ရပ်မျိုး ပြီးခဲ့တဲ့ နှစ်ဒီဇင်ဘာလကုန်ပိုင်းနဲ့ ဒီလ ၁၁ ရက်နေ့ကလည်း သီပေါမြို့နယ် ကုန်းမုန့်ကျေးရွာအနီးမှာ ဖြစ်ပွားခဲ့ပါတယ်။ ဒီဇင်ဘာ ၂၈ ရက်က လူလတ်ပိုင်း အမျိုးသား ၃ ဦးသေနတ်ဒဏ်ရာနဲ့ သေဆုံးပြီး ဇန်နဝါရီ ၁၁ ရက်နေ့မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ လူရွယ် ၂ ဦးကို တွေ့ရှိခဲ့ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024