မြိတ်မြို့နယ်အတွင်း စက်လှေပေါ်က ကျပ်ငွေ ၂၇ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိ
DVB
·
January 15, 2020
တနင်္သာရီတိုင်း မြိတ်မြို့နယ်အတွင်း စက်လှေတစ်စီးပေါ်မှာ ကတ်တမင်းနဲ့ အိုက်စ် မူးယစ်ဆေးဝါး ကီလို ၇၀၀ နီးပါး ကာလတန်ဖိုး ကျပ် ၂၇ ဘီလီယံကျော်ဖိုးနဲ့ ဆက်စပ် တရားခံတွေဆီက လက်နက်တချို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။
ဇန်နဝါရီ ၁၄ ရက်နေ့က မြိတ်မြို့ ကျွဲကူးကျေးရွာ ကျွဲကူးမြေပေါ်လွန်းကျင်းမှာ ဆိုက်ကပ် ထားတဲ့ စက်လှေတစီးပေါ်ကနေ တာဝန်ရှိသူတွေက ရှာဖွေဖမ်းဆီးရမိခဲ့တာဖြစ်ပြီး လှေပေါ်မှာ တွေ့ရှိသူ လှေသား ၂ ဦးနဲ့အတူ စက်လှေဦးပိုင်း ဝမ်းဗိုက်အတွင်းနဲ့ စက်လှေဘေးဘောင်အံဝှက် အတွင်းမှာ သိုဝှက်ထားတဲ့ မူးယစ်ဆေးဝါးတွေကို သတင်းအရ တွေ့ရှိခဲ့တာပါ။
စစ်ဆေးမေးမြန်းချက်အရ လှေပဲ့နင်းဖြစ်သူကို မြိတ်မြို့က တည်းခိုခန်းတခုမှာ အမေရိကန် နိုင်ငံလုပ် သံစေ့ထည့်ပြီး ပစ်ရတဲ့ ဂက်စ်သေနတ် ၉ မမ ပစ္စတိုကျည်ဆန်နဲ့ ၅.၅၆ ကျည်ဆန်၊ ဂြိုဟ်တု ဆက်သွယ်ရေး စနစ်သုံး ဆက်သွယ်ရေးစက်ကိုပါ ဆက်လက်ဖမ်းဆီးရမိခဲ့ပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖမ်းဆီးရမိသူ ၃ ဦးကို မြိတ်မြို့နယ် ရဲတပ်ဖွဲ့က အရေးယူ ထားတယ်လို့သိရပါတယ်။
၂၀၁၉ ဇွန်လအတွင်းကလည်း တနင်္သာရီတိုင်း ပုလောမြို့ မလိကျွန်းရေပြင်မှာ အခုလို ပုံစံတူ မူးယစ်ဆေးဝါးအထုပ်တွေ ပင်လယ်ထဲမျောပါလို့ ဒေသခံတွေ ဆယ်ယူခဲ့သလို ဧရာဝတီတိုင်း ဖျာပုံခရိုင်မှာလည်း ကျပ်ငွေ ဘီလီယံ ၃၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါတွေကို ပိုင်ရှင်မဲ့ ပင်လယ်ထဲ မျောပါတာမျိုးတွေ ရှိခဲ့ပါတယ်။
အခုလို မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုနဲ့ပတ်သက်ပြီး မြိတ်မြို့နယ် ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေ ကို ဒီဗွီဘီ သတင်းဌာနက သွားရောက်မေးမြန်းခဲ့ပေမယ့် ဖြေဆိုဖို့ ငြင်းပယ်ခဲ့ပါတယ်။
အဲဒီလိုဖမ်းဆီးရမိခဲ့တဲ့အပေါ် တာဝန်ရှိသူတွေအနေနဲ့ ပြည်သူတွေကို ပွင့်ပွင့်လင်းလင်း ချပြသင့်တယ်လို့ အရပ်ဖက်အဖွဲ့စည်းတွေက ဝေဖန်ပြောပါတယ်။