ရသေ့တောင်မြို့နယ်၌ တိုက်ပွဲကြောင့် ပိတ်မိနေသူ ၃၀ ကို အရေးပေါ်ကယ်ထုတ်ရန် လိုအပ်နေ
ဝဏ္ဏခွာညို
·
January 15, 2020
ရသေ့တောင်မြို့နယ်၊ ရေမျက်ကျေးရွာအုပ်စု ညောင်ပင်လှကျေးရွာ အတွင်း တိုက်ပွဲတွေ ကြားမှာ လူပေါင်း ၃၀ ကျော်ပိတ်မိနေပြီး အရေးပေါ်ကယ်ထုတ်ဖို့ လိုအပ်တယ်လို့ ဒေသလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဒီဗွီဘီကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်လောက်က တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ ရေမျက်ကျေးရွာ ညောင်ပင်လှကျေးရွာအနားတွေမှာ တိုက်ပွဲဖြစ်ပွားပြီး တပ်မတော်စစ်ကြောင်းက ညောင်ပင်လှကျေးရွာအတွင်းနေရာထားတာကြောင့် ကျေးရွာသားတွေထွက်ပြေးနေကြတာရှိသလို လက်ရှိကျေးရွာသား ၃၀ ကျော်ပိတ်မိတယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ရသေ့တောင် မဲဆန္ဒနယ်မြေ ဦးခင်မောင်လတ်ကပြောပါတယ်။
“အဲ့ဒီညောင်ပင်လှရွာနားကို ၉ ရက်နေ့ စပြီးက စစ်ကြောင်းကဝင်ရောက်တာ၊ ဝင်ရောက်တော့ ရွာသားတွေကကြောက်ပြီးတော့ ထွက်ပြေးကြတယ်။ ၉ ရက်၊ ၁၀ ရက်၊ ၁၁ ရက်နေ့၊ မနေ့ညကအထိ ပစ်တာခတ်ရှိနေတယ်။ အဲ့ဒီရွာအနီးအနားမှာ၊ အဲ့ဒါကြောင့် ကြောက်ပြီး တော့ ထွက်ပြေးကြတယ်။ မပြေးနိုင်တဲ့သူ ၃၀ ကျော်လောက် အဲ့ဒီရွာထဲမှာ ကျောင်းထိုင် ဆရာတော်ကြီး အပါအဝင်ပေါ့လေ။”
လက်ရှိအချိန်မှာ ပိတ်မိနေတဲ့ ကျေးရွာသားတွေကို ကယ်ထုတ်နိုင်ဖို့ ရသေ့တောင်က လူမှုအဖွဲ့အစည်း တာဝန်ရှိ သူတွေ၊ ဆရာတော်ကြီးတွေ အပါအဝင် ၂၀ ကျော်က စက်လှေနဲ့ သွားရောက်နေတယ်လို့ မေယုရင်သွီးလူမှုကယ်ဆယ်ရေးအဖွဲ့ မြို့နယ်အလုပ်မှုဆောင် ကိုဘက္ကာက ဒီဗွီဘီကိုပြောပါတယ်။
“ကျနော်တို့ စာရင်းရထားတာကတော့ ၃၂ ယောက်၊ ဒီထက်များချင်လည်းများနိုင်တယ်။ အဲ့ဒီမှာ နာမကျန်းမာတဲ့ အဘိုး၊ အဘွားတွေ ပါတယ်။ ကလေးပါတယ်။ အဲ့ဒီရွာထဲမှာတော့ ထိခိုက်ဒဏ်ရာရတယ်၊ မရဘူးဆိုတော့ ကျနော်တို့ မကြားမိသေးဘူး။ သူတို့ကယ်ထုတ်ဖို့ အတွက် ကျနော်တို့ သက်ဆိုင်ရာကိုအကြောင်းကြားထားပါတယ်။ အခုလေးပဲကျနော်တို့ မော်တော်ဘုတ်နဲ့ သွားနေတယ်။”
လက်ရှိအချိန်မှာ တပ်မတော်စစ်ကြောင်းတခုက ရေမျက်ကျေးရွာအုပ်စု ညောင်ပင်လှ ကျေးရွာအတွင်းမှာနေရာယူထားတယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ရသေ့တောင် မဲဆန္ဒနယ်မြေ ဦးခင်မောင်လတ်က ပြောပါတယ်။