ကမ္ဘောဒီးယား ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံဆွေးနွေး
DVB
·
January 15, 2020
မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗွန်ပီဆန်ဟာ မြန်မာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ ဇန်နဝါရီ ၁၄ ရက်က တွေ့ဆုံ ဆွေးနွေးပါတယ်။
တွေ့ဆုံရာမှာ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် မှုခင်းနှိမ်နင်းရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးနှိမ်နင်းရေး၊ လက်နက်ခဲယမ်း မှောင်ခိုကူးသန်းရောင်းဝယ်မှု တိုက်ဖျက်ရေးနဲ့ လေ့ကျင့်ရေးဆိုင်ရာ ကိစ္စတွေမှာ သတင်းအချက် အလက်ဖလှယ်ရေး ပူးပေါင်းဆောင်ရွက်သွားဖို့နဲ့ တပ်မတော်နှစ်ရပ်ကြား ပိုမိုရင်းနှီးသည့် ဆက်ဆံရေးများကို ဖော်ဆောင်သွားကြဖို့ဆွေးနွေးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
ဆွေးနွေးပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြင့်ခိုင်မာစေရေးအတွက် ချစ်ကြည်ရေးခရီးစဉ်တွေ အပြန်အလှန် သွားရောက်တာတွေ ဆက်လက်ဆောင်ရွက်သွားမယ်”လို့ ပြောပါတယ်။
ကမ္ဘောဒီးယား ဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို အကြီးအကဲတွေ အဆင့်သာမက အောက်ခြေအဆင့်အထိ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
ကမ္ဘောဒီးယား ကာကွယ်ရေးဦးစီးချုပ်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း နေပြည်တော်မှာ သီးခြားတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံ သံတမန်အဆက်အသွယ် တည်ထောင်မှု (၆၅)နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပသွားရေးကိစ္စရပ်တွေ ဆွေးနွေးခဲ့ပါတယ်။
ဓာတ်ပုံ- CINCDS