ကယားပြည်နယ်နေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တက်ရောက်
နော်နိုရင်း
·
January 15, 2020
၆၈ နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်ပွဲကို ပြည်နယ်မြို့တော် လွိုင်ကော်မှာ ဒီကနေ့ ဇန်နဝါရီ ၁၅ ရက်မနက်က ကျင်းပရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာပါတယ်။
လွိုင်ကော်မြို့မှာရှိ ကယားဒေးကွင်း မုခ်ဦး ဖွင့်ပွဲအခမ်းအနားတက်ရောက်ဖို့ ဒေသခံ လူထုထောင်ချီ ပါဝင်တက်ရောက်လာတာလည်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သလို လူထုတွေကိုလည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ကယားပြည်နယ်နေ့ပွဲကို တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကယား တိုင်းရင်းသားတွေနဲ့အတူ ရိုးရာအက ပါဝင်ကပြသွားခဲ့ပါတယ်။
ဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ကယားပြည်နယ်က လူထုတွေနဲ့ ပြည်နယ်ခန်းမမှာ တွေ့ဆုံသွားဖို့ရှိသလို လွိုင်ကော်မြို့ ဗုဒ္ဓဥယျာဉ်မှာပြုလုပ်မယ့် ချယ်ရီပန်းစိုက်ပွဲတော်ကို တက်ရောက်စိုက်ပျိုးမှာဖြစ်ပါတယ်။
ကယားပြည်နယ်နေ့ ပွဲတော်ကို ဇန်နဝါရီ ၁၀ ရက်မှ ၁၉ ရက်အထိ ၁၀ ရက်တိုင် ကျင်းပနေတာဖြစ်ပြီး ကယားပြည်နယ်နေ့ဖြစ်တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့မှာတော့ မုခ်ဦးဖွင့်ပွဲ အခမ်းအနားကို ကျင်းပတာဖြစ်ပါတယ်။
ကယားပြည်နယ်ကို အရင်က ကရင်နီပြည်လို့ ခေါ်ဆိုလာခဲ့တာဖြစ်ပြီး ၁၉၅၂ ခုနှစ် ဇန်နဝါရီ ၁၅ ရက်ကစလို့ ကရင်နီပြည်နယ်အစား ကယားပြည်နယ်ဆိုပြီး အမည်ပြောင်းလဲ သတ်မှတ်ခေါ်ဆိုခဲ့တဲ့နေ့ကို အစွဲပြုပြီး ကယားပြည်နယ်နေ့အဖြစ်သတ်မှတ်ကာ နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပလာတာလည်းဖြစ်ပါတယ်။