ဘိုကလေးမြို့အဝင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ရုပ်တုအနီး အမှိုက်များစုပုံနေ
DVB
·
January 15, 2020
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့အဝင်မှာထားရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တုနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ရုပ်တုတည်ထားတဲ့ ခြံအနားမှာ စည်ပင်က အမှိုက်တွေလာ ပုံနေတာကြောင့် ဖယ်ရှားပေးစေချင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘိုကလေးမြို့အဝင် ဘိုကလေး-စက်ဆန်း ကားလမ်းထောင့်၊ ဘုရားချောင်းကျေးရွာ ဘိုကလေးတံတားအနီးမှာ စိုက်ထူထားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ရုပ်တုတွေထားတဲ့ ခြံရဲ့ အနောက်ဘက်ခြမ်း(ရိုး) ချောင်းအထဲနဲ့ လမ်းဘေးတွေမှာ စည်ပင်သာယာရေးအဖွဲ့ရဲ့ အမှိုက်ကားတွေက အမှိုက်တွေကလာပြီး စွန့်ပစ်တာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက တားမြစ်စေချင်တာပါ။
အမှိုက်ပုံတာကြောင့် အနံ့အသက်တွေ ဆိုးရွားနေပြီး ယင်ကောင်တွေ ပေါက်ဖွားလာတာကြောင့် သဘာဝပတ်ဝန်းကျင်သာမက ကျန်းမာရေးပါ ထိခိုက်နိုင်လို့ အမှိုက်ပုံကို အမြန်ဆုံးဖယ်ရှားပေးစေလိုတယ်လို့ အနီးအနားက ခြံပိုင်ရှင်တွေကလည်း ပြောပါတယ်။
ဒီဗိုလ်ချုပ်မြင်းစီးရုပ်တုဟာ ဘိုကလေးတံတားကို ဖြတ်ပြီး ကံ့ကော်တထောင်၊ မော်ကျွန်း၊ ကျိုက်ပိနဲ့ မအူပင်မြို့တွေကို ကုန်းလမ်းနဲ့ သွားလာနိုင်တဲ့ လမ်းဘေးမှာ တည်ရှိနေတာလည်း ဖြစ်ပါတယ်။