သရုပ်ဆောင်အောင်ရဲထွေးအမှု ပြန်ခေါ်သက်သေမလာရောက်သဖြင့် မစစ်ဆေးဖြစ်
ချမ်းမြေ့မောင်
·
January 14, 2020
ဟာသ သရုပ်ဆောင်အောင်ရဲထွေးသေဆုံးမှုနဲ့ပတ်သက်ပြီး တရားစွဲခံထားရသူ သုံးဦးကို ဒီကနေ့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပေမယ့် ပြန်ခေါ်သက်သေ နှစ် ဦးမလာရောက်တဲ့အတွက် ရုံးချိန်းမစစ်ဆေးဖြစ်ဘဲ အခုလ ၂၁ ရက်နေ့ကို ပြန်လည်ချိန်းဆို လိုက်ပါတယ်။
အောင်ရဲထွေးသေဆုံးမှုနဲ့ပတ်သက်ပြီး တရားစွဲဆိုခံထားရသူသုံးဦးကို လူသတ်မှုနဲ့ စွဲချက်တင်ထားရာမှ ရန်ကုန်တိုင်းတရားလွှတ်တော်က အပြင်းအထန်နာကျင်စေမှု ရာဇသတ်ကြီးပုဒ်မ ၃၂၅ အဖြစ်ပြောင်းလဲကာ စွဲချက်တင်အမိန့်ချခဲ့တာပါ။
အဲဒီလိုအမိန့်ချပြီးတဲ့အခါမှာ အရှေ့ပိုင်းခရိုင်တရားရုံးက သူတို့ကို ဒီဇင်ဘာ ၂၄ ရက်နေ့မှာ အာမခံပေးခဲ့ပါတယ်။ အခုဆိုရင် သူတို့သုံးဦးဟာ အပြင်းအထန်နာကျင်စေမှုပုဒ်မ ၃၂၅ ကို အာမခံနဲ့အရှေ့ပိုင်းခရိုင်တရားရုံးမှာအမှုရင်ဆိုင်နေတာပါ။