Home
မြန်မာသတင်း
ပြည်ပရောက်မြန်မာပညာရှင်များ နိုင်ငံအတွက်ကူညီရန် ဖိတ်ခေါ်
DVB
·
January 14, 2020
82452294_3993717897320866_519649604971528192_n
ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်းတွေနဲ့ မြန်မာနိုင်ငံသား အသိပညာရှင်၊ အတတ်ပညာရှင်တွေ အနေနဲ့ ကျွမ်းကျင်တဲ့ ပညာ၊ အတွေ့အကြုံတွေနဲ့ နိုင်ငံအတွက် ပါဝင်ကူညီဖို့ မြန်မာသံရုံးတွေက တဆင့် ဖိတ်ခေါ်လိုက်ပါတယ်။  လက်ရှိမှာတော့ ဖိတ်ခေါ်စာတွေကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့နဲ့ ဆွစ်ဇာလန်နိုင်ငံဂျီနီဗာမြို့ရှိ  မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးနဲ့ ချက်နိုင်ငံက မြန်မာသံရုံးတို့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတို့မှာ မနေ့က ကြေညာထားတာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ သံရုံးတွေကနေ ဖိတ်ခေါ်ထားတာ ဖြစ်ပြီး ကိုယ်ရေးမှတ်တမ်းနဲ့အတူ ပါဝင်ချင်တဲ့ ကဏ္ဍကိုဖော်ပြကာ သက်ဆိုင်ရာ သံရုံးတွေကို ပေးပို့ရမှာဖြစ်ပါတယ်။ နိုင်ငံရေးရာ ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုက “ပြည်ပရောက် မြန်မာနိုင်ငံသားတွေ၊ နိုင်ငံသားဟောင်းတွေဟာ သူတို့ တတ်တာ သိတာတွေနဲ့ စေတနာ့ဝန်ထမ်း လုပ်အားပေးလိုမျိုး လုပ်ပေးချင်တဲ့ ဆန္ဒရှိတာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပြည်ပခရီးစဉ်တွေ မှာ ပြောတာတွေ ရှိတယ်။ ပြည်ပမှာနေပြီးတော့ ဖြစ်ဖြစ်၊ ပြည်တွင်းကိုဝင်လာပြီးတော့ ဖြစ်ဖြစ်ပေါ့။ ဒါကြောင့် အခုလို ဖိတ်ခေါ်တာပါ” လို့ ပြောပါတယ်။ ပေးပို့ရမယ့်လျှောက်လွှာမှာ ကိုယ့်ရဲ့ ပညာအရည်အချင်း၊ ကျွမ်းကျင်တဲ့နယ်ပယ်၊ ပါဝင်ချင်တဲ့ အခန်းကဏ္ဍတို့ကို ဖော်ပြပေးရမှာဖြစ်ပါတယ်။ ပြီးတော့ ပါဝင်နိုင်မယ့် ကာလနဲ့ ပြည်ပကနေ ဒါမှမဟုတ်ပြည်တွင်းကိုဝင်ရောက်ပြီး လုပ်ကိုင်ပေးမှာလား ဆိုတာကိုလည်း ဖော်ပြရမှာဖြစ်ပါတယ်။ ပြည်ပရောက်မြန်မာပညာရှင်တွေအနေနဲ့ နိုင်ငံကိုပြန်လာပြီး ကူညီပေးကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်ပခရီးစဉ်တွေမှာ အရင်ကလည်း ဖိတ်ခေါ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် တကယ်တမ်းကူညီပေးဖို့ ပြန်လာတဲ့အခါမှ ပြည်ဝင်ခွင့် ဗီဇာမရတာ၊ ကူညီပေးခွင့်ရဖို့ အစိုးရက ညှိနှိုင်းဆောင်ရွက်ပေးမှုမရှိတာနဲ့ အခက်အခဲ အဟန့်အတားတွေ ကြိုးနီစနစ်တွေ များနေတာကြောင့်  စိတ်ပျက်ပြီး ပြန်သွားခဲ့ကြသူတွေ လည်း ရှိခဲ့ပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024