ယင်းမာပင်မြို့နယ်တွင် တောင်သူ ၁ ဦး ကျားကိုက်ခံရ
DVB
·
January 14, 2020
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ညောင်ကိုင်းအုပ်စု ကွင်းစိုက်ကျေးရွာမှာ နေထိုင်သူတဦးဟာ လယ်ယာလုပ်ကိုင်ရင်း ဇန်နဝါရီ ၁၃ ရက် ညနေက ကျားကိုက်ခံရတဲ့အတွက် မုံရွာပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရပါတယ်။
ကနီမြို့နယ်အတွင်း တောအစပ်ရှိ ၎င်းပိုင်ဆိုင်တဲ့ လယ်ယာမြေမှာ အလုပ်လုပ်ကိုင်ရင်း အခုလို ဖြစ်ပွားခဲ့တာလို့ ကျားကိုက်ခံရသူ ဦးအောင်ဆန်းကပြောပါတယ်။
" ညနေက လယ်ခင်းမှာ ခွေးတွေဟောင်လို့ သွားကြည့်တာ။ တောဝက်လား၊ ဝက်ဝံလား စဖြင့် ကျနော်က အဲ့လိုထင်တာ။ ကြည့်လိုက်တော့ ခွေးသုံးကောင်နဲ့ အယ်လ်ဇေးရှင်းခွေးသာသာ လောက်ရှိတဲ့ ကျားနဲ့ တိုက်ခိုက်နေကြတယ်။ ကျနော့်ကိုမြင်တော့ ခုန်အုပ်ကိုက်တာ။ ကျနော်ကလည်း လက်ထဲအသင့်ပါလာတဲ့ ဓားနဲ့ သုံးချက်လောက်ထိုးထည့်လိုက်တယ်။ အဲ့ဒီအကောင် သင်းကွဲလာပုံ ရတယ်။ အုပ်စုဆို ကျနော်လည်း မနိုင်နိုင်ဘူး။ ကျားက ပြန်ပြေးသွားလို့ တော်သေးတာ"
ကျားကိုက်ခံရသူဟာ ဦးခေါင်းဒါဏ်ရာနဲ့ ဘယ်ဘက်လက်ပြင်မှာလည်း ဒါဏ်ရာများ ရရှိခဲ့ပါတယ်။ အဆိုပါ နယ်မြေမှာ သမင်၊ တောဝက်၊ ဂျီ၊ ဝက်ဝံ စတာတွေ မကြာခဏဝင်ရောက်လေ့ ရှိပေမယ့်လည်း ကျားလို တောရိုင်းသတ္တဝါတော့ ဝင်ရောက်မှုမရှိသလောက်ဖြစ်ပါတယ်။
ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှက် ဦးထွန်းထွန်းဝင်းက "လွန်ခဲ့တဲ့ ၁၀ နှစ် ၁၅ လောက်က ကျနော့်အစ်ကို တောထဲအဲ့ဘက်မှာ ကျားကိုက်ခံဖူးတာ ရှိတယ်။ ဝင်ရောက်မှုတော့ နည်းပါတယ်။ အရင်နှစ်က ဝက်ဝံတကောင်လည်း ဝင်ဖူးတယ်" လို့ ပြောပါတယ်။
အဆိုပါ နယ်မြေဟာ အလောင်းတော်ကဿပသစ်တောကြိုးဝိုင်းနဲ့ ဆက်စပ်နေပြီး တောရိုင်းတိရိစ္ဆာန်တချို့ ကျင်လည်ကျက်စားရာ နယ်မြေလည်း ဖြစ်ပါတယ်။
အခုလိုဖြစ်ပွားမှုကြောင့် ဒေသခံတွေ စိုးရိမ်မှုတွေရှိနေတဲ့အတွက် သက်ဆိုင်ရာကိုလည်း အကြောင်းကြားထားပါတယ်။
သတင်း - ရန်နိုင်စိုး