ရဲမှူးချုပ်ကိုတရားစွဲရန် ရှေ့နေများအသင်းက သမ္မတထံ ခွင့်ပြုချက်တောင်းခံ
ပိုင်စိုး
·
January 14, 2020
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးချုပ်အပါအဝင် အရာရှိကြီးတချို့ကို တရားစွဲဖို့ လွတ်လပ်သော ရှေ့နေများအသင်းက သမ္မတဆီ ခွင့်ပြုချက် တောင်းခံလိုက်ပါတယ်။
နေပြည်တော်က ဗစ်တိုးရီးယားအမှုအကြောင်းရှင်းလင်းပွဲမှာ ကလေးငယ်ရဲ့ အချက်အလက်တွေကို ထုတ်ပြောတာ၊ ရဲတပ်ဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ ဖော်ပြခဲ့တာတွေကြောင့် တရားစွဲဖို့ ပြင်ဆင်လိုက်တာပါ။
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေမှာ ပြစ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ ကလေးငယ် ဒါမှမဟုတ် မှုခင်းမှာ သက်သေအဖြစ်ပါနေတဲ့ ကလေးငယ်ဟာ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်းနဲ့ မှုခင်းသတင်း အချက်အလက်တွေ ရယူတာ၊ ထည့်သွင်းတာ၊ ကြော်ငြာတာ၊ ကလေးသူငယ်ကို ဓာတ်ပုံရိုက်တာ၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်နဲ့ စာအုပ်စာတမ်းတွေမှာ ထည့်သွင်းတာ၊ ဖြန့်ချိတာ၊ အသုံးပြုတာကို ဘယ်သူမှမလုပ်ဖို့၊ ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ လူမှုဆက်သွယ်ရေးနည်းလမ်းတွေမှာ ထုတ်လွှင့်တာမလုပ်ဖို့ ပြဋ္ဌာန်းထားပါတယ်။
ဒီပြဋ္ဌာန်းချက်အရ ဘယ်သူ့ကိုမှ ခြွင်းချက်ပေးမထားဘူးလို့ သမ္မတဆီကို ပေးပို့တဲ့စာမှာ လွတ်လပ်သော ရှေ့နေများအသင်းကဖော်ပြထားပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က မှုခင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိုးနိုင်ဦး၊ မှုခင်း ညွှန်ကြားရေးမှူး ရဲမှူးကြီး မင်းဟန်၊ မှုခင်းရဲတပ်ဖွဲ့ဌာနမှူး ရဲမှူးကြီး သာဒွန်းတို့နဲ့ ရဲတပ်ဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာဖြစ်တဲ့ ရဲဇာနည်ကို တာဝန်ခံစီစဉ်သူတို့ကို တရားစွဲအရေးယူဖို့ လျှောက်ထားလိုက်တာဖြစ်ပါတယ်။
အသင်းရဲ့ အထွေထွေအတွင်းရေးမှူး ရှေ့နေ ဦးသိန်းသန်ဦးက “သူတို့ (ရဲမှူးချုပ် အပါအဝင် ရဲအရာရှိတွေ) က ပြည်သူ့ဝန်ထမ်းတွေဖြစ်လို့ တရားစွဲဖို့အတွက် သမ္မတဆီကို ခွင့်ပြုမိန့် တောင်းရတာပါ” လို့ ပြောပါတယ်။
ကလေးငယ်ရဲ့မိဘတွေနဲ့ ကိုယ်စားလှယ်လွှဲစာရထားသူ ဦးထင်လင်းဦးတို့ရဲ့ လွှဲအပ်ညွှန်ကြားချက် အရဖြစ်တယ်လို့ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်းက ဆိုပါတယ်။
ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရသူတွေဖြစ်တဲ့ ရဲအရာရှိကြီးတွေကိုယ်တိုင်က အခုလို ဥပဒေကို ထင်ထင်ရှားရှားချိုးဖောက်တာဟာ အင်မတန် ဝမ်းနည်းစရာဖြစ်ပြီး လက်ခံခွင့်ပြုနိုင်စရာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ်စွဲချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ဖြေရှင်းချေပခဲ့ရာမှာ ဥပဒေချိုးဖောက်တာတွေ၊ ပြစ်မှု ကျူးလွန်တာတွေ ကို ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ဘဲ ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေး အရေးယူသွားမယ်လို့ ကတိပြုခဲ့ပြီး ဒီအခြေအနေမှာ မြန်မာနိုင်ငံက ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူးဆိုတာ ထပ်လောင်း သက်သေပြရမယ့်အချိန်ဖြစ်တယ်လို့လည်း ရှေ့နေများအသင်းက ဆိုပါတယ်။