လွိုင်ကော်ပညာရေးကောလိပ်တွင် ဖဲကြိုးစိမ်းကမ်ပိန်း ပြုလုပ်
နော်နိုရင်း
·
January 14, 2020
အခြေခံပညာကျောင်း အငယ်တန်းတွေအတွက် မတ်လကုန်ထိ စာသင်ကာလသတ်မှတ်မှာကို ကန့်ကွက်တဲ့အနေနဲ့ လွိုင်ကော်ပညာရေးကောလိပ်မှာ ကျောင်းသူကျောင်းသားတွေက ဒီကနေ့ မနက်က ဖဲကြိုးစိမ်း ကမ်ပိန်းကို ပြုလုပ်ခဲ့ပါတယ်။
ဆရာ၊ မိဘ၊ ကျောင်းသားတွေ သဘောတူညီမှုမရှိတဲ့ စာမေးပွဲ နောက်ဆုတ်ခြင်းကို အလိုမရှိ၊ စမ်းသပ်ခံ ပညာရေးအလိုမရှိ စတဲ့ ပိုစတာတွေကို ကိုင်ဆောင်ပြီး ဖဲကြိုးစိမ်းကမ်ပိန်း ပြုလုပ်ကြပါတယ်။
လွိုင်ကော်ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂ စည်းရုံးရေးမှူး ကိုဇော်မင်းထွန်းက “ကျနော်တို့ နိုင်ငံရေးလုပ်တာလည်း မဟုတ်ဘူး၊ အစိုးရကို ဆန့်ကျင်တာလည်းမဟုတ်ဘူး။ ကိုယ့်ကျောင်းဂုဏ်သိက္ခာကျအောင်လည်း လုပ်တာမဟုတ်ဘူး။ တကယ်တမ်း ကျနော်တို့က အခြေခံကို သွားရမယ်။ အခြေခံမှာ အလုပ်လုပ်ရမယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကျနော်တို့ ကြုံလာမယ့် အခက်အခဲတွေကို ကြိုပြီးတော့မှ တဆင့်နှိမ့် ထားတာ။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဆိုတာ ဘာမှ ပြည့်စုံမှုမရှိသေးဘူး။ ပြည့်စုံမှုမရှိသေးတဲ့ဟာကို စနစ်မှားကြီးနဲ့ ဆင်းလာတယ်။ စနစ်မှားကို အခုပြန်ပြင်မယ်ဆိုရင် ပြည်စုံမှုကအရင်လာရမှာပေါ့။ ဘာမှ ပြည့်စုံမှုမရှိသေးဘဲ ကျနော်တို့ကို တိုက်ရိုက် တဆင့်ပြီးတဆင့် မြန်မြန်တက်သွားရင် အဆင်တော့ မပြေဘူး။ ဒီလိုမျိုးကန့်ကွက်ပွဲတွေ လုပ်တယ်။ နောက် ဒီထက်အခြေအနေဆိုးလာရင် ကျနော်တို့ရဲ့ ဆန္ဒ၊ ဆရာဆရာမတွေရဲ့ဆန္ဒမပါဘဲနဲ့ သူတို့က အဲဒီ မူကို အတည်ပြုခဲ့ရင် ဒီထက်ဆိုးလာတဲ့ အခြေအနေတွေ ရှိလာနိုင်ပါတယ်။” လို့ ပြောပါတယ်။
မတ်လကုန်ထိ စာသင်ကာလသတ်မှတ်ချက်နဲ့ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန ပြည်နယ်၊ မြို့နယ်နဲ့ အောက်ခြေအဆင့်က ကွင်းဆင်းလေ့လာပြီး ပြန်လည်သုံးသပ်ဖို့လည်း ကျောင်းသားသမဂ္ဂက တိုက်တွန်း ပြောပါတယ်။
လွိုင်ကော်ပညာရေးကောလိပ်အနေနဲ့ အခုလို ကမ်ပိန်းလုပ်တာကို ကျောင်းတာဝန်ရှိသူတွေအနေနဲ့ ခွင့်ပြုခဲ့ခြင်းမရှိသလို အဲဒီကို သတင်းသွားယူတဲ့ သတင်းသမားတွေကိုလည်း ခြိမ်းခြောက်ပြောဆိုတာတွေရှိခဲ့ပါတယ်။
မတ်လကုန်အထိ စာသင်ကာလ သတ်မှတ်တာကို ဆရာ/ ဆရာမများ အဖွဲ့ချုပ်ကလည်း ပြင်းထန်စွာ ကန့်ကွက်ပါကြောင်းနဲ့ ပြန်လည်သုံးသပ်ဖို့ တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာဆရာဆရာမများအဖွဲ့ချုပ် (MTF) ကလည်း ပညာရေးဝန်ကြီးဌာန အနေနဲ့ မတ်လအကုန်အထိ ကျောင်းတက်ရက်သတ်မှတ်ချက်ကို မပြင်ဆင်ပေးပါက ၂၀၂၀ ရွေးကောက်ပွဲမဲရုံတာဝန်နဲ့ အပိုတာဝန်တွေကို ဆောင်ရွက်မပေးဘူးလို့ ဇန်နဝါရီ ၅ ရက်နေ့က ကြေညာခဲ့ပါတယ်။
အခြေခံပညာ အတန်းအသီးသီးရဲ့ စာမေးပွဲတွေကို တက္ကသိုလ်ဝင်စာမေးပွဲမတိုင်မီ ဖေဖော်ဝါရီ နောက်ဆုံးပတ်မှာ ကျင်းပလေ့ရှိပြီး ကျောင်းပိတ်ရက်ကို မတ်လကနေ ဇွန်လအထိ ၃ လ သတ်မှတ်ထားပါတယ်။
ပညာရေးဝန်ကြီးဌာနရဲ့ အခုနှစ် သတ်မှတ်ချက်အရ မတ်လကုန်အထိ ကျောင်းတက်ရပါက ကျောင်းပိတ်ရက် ၂ လသာ ရှိတော့မှာလည်း ဖြစ်ပါတယ်။