အင်းတော်မြို့နယ်တွင် လူနေအိမ်တန်းလျား၊ ကြက်ခြံနှင့် ဂိုဒေါင်များ မီးလောင်
DVB
·
January 14, 2020
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ အင်းရွာကျေးရွာရှိ ကြက်ခြံမှာ ကြက်အပူပေးတဲ့ မီးလုံးအပူလွန်ကဲရာက ကြက်ခြံ ၅ ခြံ၊ လူနေအိမ်တန်းလျား ၂ လုံးနဲ့ ဂိုဒေါင် ၂ လုံး မီးလောင်မှု မနေ့ညနေက ဖြစ်ပွားခဲ့ပါတယ်။
အင်းတော်မြို့နယ် မီးသတ်ဦးမှူး လှမျိုးလွင်က “မီးလောင်တာက ခန့်မှန်း ညနေ ၅ နာရီ ၄၅ မိနစ်လောက်မှာ လောင်တယ်၊ ၆ နာရီမှာ သတင်းရတယ်။ ခရိုင်မီးသတ်ဦးစီးမှူးအပါအဝင် မီးငြိမ်းသတ်ယာဉ်နဲ့ ရေသယ်ယာဉ် ၁၂ စီး မီးသတ်တပ်ဖွဲ့ဝင်အင်အား ၅၆ ဦး ပတ်ဝန်းကျင် ပြည်သူတွေနဲ့ ငြှိမ်းသတ်ခဲ့ပါတယ်။ ကြက်ခြံနဲ့ ဂိုဒေါင် လူနေအိမ်အဆောက်အဦ ၉ လုံး မီးလောင် ဆုံရှုံးခဲ့ပါတယ်”လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် ကာလတန်ဖိုး ကျပ် ၈၇ သိန်းဖိုးလောက် မီးလောင်ဆုံးရှုံးခဲ့ပြီး မီးကို ပေါ့ဆစွာ အသုံးပြုသူ ကြက်ခြံပိုင်ရှင် ကိုစံဦး(ဘ)ဦးအောင်သိန်းကို အင်းတော်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အရေးယူဆောင် ရွက်နေပါတယ်။
သတင်း- ကိုကိုလင်း(အင်းတော်)